စစ်အုပ်စု ဝင်ရောက်မီးရှို့ခဲ့တဲ့ ရေရှင်ရွာမှာ ရုပ်အလောင်းတွေ တွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ရေရှင်ကျေးရွာမှာ ညအိပ်ခဲ့တဲ့ စစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၅ ရက် ၊မနက် ၇ နာရီဝန်းကျင်မှာအိမ်တချို့ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်​တပ်ရဲ့ စစ်ကြောင်းက သတ်ဖြတ်ထားတဲ့ရုပ်အလောင်းတွေကိုလည်း တွေ့ရှိရပြီးဘယ်သူဘယ်ဝါဆိုတာ သီးခြားအတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
” အလောင်းက ငါးလောင်းလို့တောင်ကြားနေတာ ဖုန်းကအဆက်အသွယ်ကမရနဲ့ အလောင်းတွေ့တာတော့ သေချာတယ်။ အရေအတွက်နှင့်နာမည်တွေ မသိရသေးဘူး။ မနက်ဖြန်လောက်ဆို သိရမလားဘဲ” လို့ ရေရှင်ရွာနဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းဟာ ဒေသကာကွယ်ရေးအဖွဲ့တွေကို တောနင်းရှာဖွေဖို့အတွက် ဂန့်ဂေါမြိုင်နယ်မြောက်ပိုင်းကို ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။
” တောထဲက စခန်းတွေကိုရှာမယ်လို့ကြားတယ်။ ဒီမနက်ရွာကနေ မြောက်ဘက်ကို စစ်ကြောင်းတစ်ကြောင်းထွက်သွားတယ်” လို့ ဂန့်ဂေါမြိုင်နယ်မြောက်ပိုင်း ဒေသခံတစ်ဦးကပြောပါတယ်။
ဇွန်လ ၄ ရက်နေ့ကလည်း စစ်ကြောင်းဟာ နှမ်းခါးရွာကနေ ရေရှင်ရွာကိုမထွက်ခင် နှမ်းခါးမှာ ပြည်သူတွေရဲ့ဆိုင်ကယ်တွေကိုမီးရှို့ဖျက်ဆီးခဲ့သလို ရေရှင်ရွာမှာလည်း ပြည်သူ့ဆိုင်ကယ်တွေကိုမီးရှို့ ဖျက်ဆီးပြီး ရွာထဲက တိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်ခဲ့ကြတယ်လို့ နှမ်းခါးလူငယ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။