တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ အိမ်တစ်အိမ်ကနေ ကျပ်သိန်း ၂၀၀ လောက်တန်ဖိုးရှိတဲ့ Ice တစ်တုံးကို သိမ်းဆည်းရမိခဲ့ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။
ဇွန်လ ၂၅ ရက်နေ့က မသင်္ကာဖွယ်ရာ ဆိုင်ကယ်တစ်စီးကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေက ဖမ်းဆီးစစ်ဆေးရာ Ice ၁၁ တောင့် အထုပ် ၂ ထုပ်၊ WY စိတ်ကြွရူးသွပ်ဆေးပြား ၉၆ ပြား၊ ကျည် 3 တောင့်၊ လက်လုပ်သေနတ် ၁ လက်၊ ဟန်းဖုန်း ၂ လုံးနဲ့ ပိုက်ဆံ ၁၃၁၆၅၀ ကျပ်ကို သိမ်းဆည်းရမိပြီး နောက်နောင်မူးယစ်ေဆးဝါး ရောင်းဝယ်မှုဆက်မလုပ်ဖို့ သတိပေးကာ ပြန်လွှတ်ပေးခဲ့ပါတယ်။
အဲဒီနောက် ထပ်မံစုံစမ်းစစ်ဆေးချက်အရ ဇွန် ၂၆ ရက်နေ့မှာ အိမ်တစ်အိမ်ကို ဝင်ရောက်ဖမ်းဆီးရာ ကျပ်သိန်းနှစ်ရာလောက်တန်ဖိုးရှိတဲ့ Ice တစ်တုံးကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးကာ ငွေသားကို တော်လှန်ရေးရန်ပုံငွေအဖြစ် အသုံးပြုသွားမှာဖြစ်ပါတယ်။