ရုရှားကိုဆက်ပြီးထောက်ခံသွားမယ်လို့ တရုတ်အခိုင်အမာပြော

Photo – AFP

တရုတ်အနေနဲ့ ရုရှားကို ဆက်ပြီး ထောက်ခံသွားမယ်လို့ တရုတ်သမ္မတရှီကျင့်ဖင်က ဇွန်လ ၁၅ရက်နေ့မှာ အခိုင်အမာ ပြောလိုက်ပါတယ်။ 

တရုတ်ရဲ့ ရပ်တည်ချက်နဲ့ ပတ်သတ်ပြီး ဒါဟာ သမိုင်းရဲ့မှားယွင်းတဲ့ဘက်မှာ အဆုံးသတ်နိုင်တယ်လို့ အမေရိကန်ကလည်း သတိပေးလိုက်ပါတယ်။ 

ယူကရိန်းကိုကျုးကျော်တိုက်ခိုက်တဲ့ ရုရှားတဲ့လုပ်ရပ်တွေကို ပြစ်တင်ဖို့ တရုတ်က ငြင်းဆိုခဲ့သလို ရုရှားအပေါ် အရေးယူကန့်သတ်တာနဲ့ ယူကရိန်းကို လက်နက်ထောက်ပံ့တဲ့ အနောက်အင်အားစုတွေကိုလည်း ပေကျင်းက ဝေဖန်ခဲ့ပါတယ်။ 

အချုပ်အခြာအာဏာအရေးကဲ့သို့ အဓိကအခန်းကဏ္ဍတွေနဲ့ ပတ်သတ်ပြီး တရုတ်ဟာ ရုရှားကို အပြန်အလှန် ထောက်ခံအားပေးသွားဖို့ ဆန္ဒရှိတယ်လို့ သမ္မတပူတင်နဲ့ ဖုန်းပြောရာမှာ ရှီကျင့်ဖင်က ပြောခဲ့တယ်လို့  နိုင်ငံပိုင်ရုပ်သံမီဒီယာ CCTV က ဖော်ပြပါတယ်။ 

ဒါဟာ ဖေဖော်ဝါရီလ ၂၄ရက် ယူကရိန်းကိုရုရှားက ကျူးကျော်စစ် စတင်ကတည်းက ပူတင်နဲ့ ရှီကျင့်ဖင်အကြား ဒုတိယမြောက် ဖုန်းခေါ်ဆိုမှု ဖြစ်ပါတယ်။ 

တရုတ်ရဲ့လုပ်ရပ်တွေကို စောင့်ကြည့်နေပြီး ရုရှားသမ္မတ ပူတင်နဲ့ လက်တွဲထားတဲ့ နိုင်ငံတွေဟာ သမိုင်းရဲ့ မှားယွင်းတဲ့ဘက်ခြမ်းမှာ မလွဲမသွေ တွေ့ကြလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုထားပါတယ်။