အိန္ဒိယနိုင်ငံ ဥတရာပရာဒတ်ရှ်ပြည်နယ် အာဏာပိုင်တွေက ပြီးခဲ့တဲ့သီတင်းပတ်က ဘာသာရေးဆိုင်ရာ ပဋိပက္ခမှာ ပါဝင်တယ်လို့ စွပ်စွဲခံထားရသူတွေရဲ့ နေအိမ်တွေကို ဖြိုချခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇွန်လ ၁၂ရက်က ပြောပါတယ်။
လူထုအုံကြွမှုတွေဟာ အစ္စလာမ်သာသနာရဲ့တမန်တော်မိုဟာမက်နဲ့ပတ်သက်ပြီး အာဏာရပါတီရဲ့ ပုဂ္ဂိုလ်တွေက ရှုတ်ချတဲ့မှတ်ချက်စကားတွေကြောင့် ဖြစ်ပေါ်လာရတယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ် နရိန်ဒရာမိုဒီရဲ့ ဟိန္နူအမျိုးသားရေး Bharatiya Janata Party (BJP) ပါတီဝင်နှစ်ဦးရဲ့ အစ္စလာမ်စ်အပေါ် ဆန့်ကျင်တဲ့ မှတ်ချက်နဲ့ ပတ်သတ်ပြီး ပြီးခဲ့တဲ့သီတင်းပတ်တွေက မွတ်စလင်တွေဟာ အိန္ဒိယနိုင်ငံတလွှားလမ်းမတွေပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။
မွတ်ဆလင်တွေနဲ့ ဟိန္ဒူဘာသာဝင်တွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး အချို့နေရာတွေမှာ ဆန္ဒပြသူတွေ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီ့နောက် ဥတရာပရာဒတ်ရှ်ပြည်နယ်ရဲတပ်ဖွဲ့က ဆူပူအုံကြွမှုတွေနဲ့ ပတ်သက်ပြီး ဆက်နွယ်တဲ့ လူပေါင်း ၃၀၀ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဥတရာ ပရာဒတ်ရှ်ပြည်နယ် ဝန်ကြီးချုပ် Yogi Adityanath က ဆန္ဒပြပွဲမှာ ပါဝင်ပတ်သတ်တယ်လို့ စွပ်စွဲခံရသူတွေရဲ့ တရားမဝင်အဆောက်အအုံတွေနဲ့ နေအိမ်တွေကို ဖြိုဖျက်ဖို့ တာဝန်ရှိသူတွေကို အမိန့်ပေးခဲ့တယ်လို့ ဟိန္ဒူအမျိုးသားရေးဝါဒီ BJP ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
မွတ်စလင်အခွင့်အရေးလှုပ်ရှားသူလို့ စွပ်စွဲခံရတဲ့အမျိုးသမီးတစ်ဦးရဲ့နေအိမ်ကို ရဲတပ်ဖွဲ့ဝင်တွေ အများအပြားချထားပြီး တနင်္ဂနွေနေ့က ဖြိုချခဲ့ပါတယ်။ သောကြာနေ့ဝတ်ပြုဆုတောင်းပြီးနောက် ခဲနဲ့ပေါက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့နောက်ထပ်လူနှစ်ဦးရဲ့ပိုင်ဆိုင်မှုတွေကိုလည်း ဖြိုချခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယရဲ့ အဓိကကုန်သွယ်ဖက်တွေဖြစ်တဲ့ ကာတာ၊ ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ အိုမန်၊ အီရန်စတဲ့ နိုင်ငံတွေက တမန်တော် မိုဟာမက်နဲ့ ပတ်သက်ပြီး ရှုတ်ချတဲ့မှတ်ချက်ပေးမှုတွေအတွက် မိုဒီအစိုးရအနေနဲ့ တောင်းပန်ဖို့ သံတမန်ရေးအရ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။