တောင်ကုန်းပေါ်ကနေ အသာစီးပစ်ခတ်ခဲ့ရတဲ့ ကသာတိုက်ပွဲ စစ်သား ၁၀ ဦးထက်မနည်းသေ

တောင်ကုန်းပေါ်ကနေ အသာစီးပစ်ခတ်ခဲ့ရတဲ့ ကသာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ထိတွေ့တိုက်ပွဲမှာ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကသာပကဖ က ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ လှေဘိုကျေးရွာနဲ့ လောင်းတော်ဉီးဘုရားကြား တံခွန်တိုင် အခင်းစု အနီးမှာ ကသာခရိုင် PDF တပ်ရင်း (၃)၊ ABSDF နဲ့ ကသာ(အင်းကြီး -ပကဖ) ပူးပေါင်းတပ်တို့ဟာ ဇွန်လ ၁၁ ရက်နေ့က အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကသာပကဖ ကဒီနေ့မနက် ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲမှာ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိပေမဲ့ တိုက်ပွဲကိုထွက်ကြည့်တဲ့ ပြည်သူ ၆ ဦးဟာ ရွှေလီမြစ်တစ်ဖက်ကမ်း၊မဘိန်းမြို့နယ် ပွဲဆမိတ် ဘုရားကုန်းရှိ စစ်တပ် ပစ်လိုက်တဲ့ ၆၀မမ လက်နက်ကြီးကျည်ထိပြီး ၄ ဦးပွဲချင်းပြီးသေကာ ၂ ဦးအပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။
အခုရက်ပိုင်း အတွင်းကသာမြို့နယ်ကို ဉီးတည်ကာ စစ်တပ်အင်အားတိုးချဲ့ခြင်း၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခြင်း၊ ပြည်သူတွေကို ပေါ်တာဆွဲပြီး ၊ပြည်သူပိုင် ကား၊ ဆိုင်ကယ်နဲ့စက်လှေတို့ကိုချောဆွဲခြင်း၊ ပြည်သူ့နေအိမ်တွေ ရိုက်ဖျက်မီးရှို့ခြင်း၊ ပြည်သူ့ရွှေငွေတွေ လုယက်ခြင်း၊ ပြည်သူတွေကို ဖမ်းဆီးကာ လမ်းပြခိုင်းခြင်းနဲ့ စစ်ကြောင်းအလွန်အကျွံထိုးလာခြင်းတို့ကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲနဲ့ ဝေးရာမှာ ရှောင်တိမ်းနေကြဖို့ ကသာပကဖ ကထုတ်ပြန်ထားပါတယ်။
ကသာမြို့နယ်အတွင်း ကသာမြို့နယ်အနောက်ဘက်ကမ်း၊မိုးတားတိုက်နယ်မှာ စစ်သား၂၅၀ ဝန်းကျင်၊ ကသာမြို့တွင်းမှာ ရဲနဲ့စစ်သား ၁၅၀ ဝန်းကျင်နဲ့ ကသာမြို့နယ် အရှေ့ဘက်ကမ်းမှာ စစ်သား ၁၅၀ ဝန်းကျင် ရှိတယ်လို့သိရပါတယ်။