အီရန်ဟာ ယူရေနီယံသန့်စင်မှုလုပ်ငန်းကို တိုးချဲ့နေပြီး ကုလရဲ့စောင့်ကြည့်ကင်မရာတွေကို ပိတ်ပစ်

Photo- Reuters

အီရန်ဟာ သူ့ရဲ့မြေအောက်ယူရေနီယံသန့်စင်မှုကို ထပ်မံချဲ့ထွင်ပြီး ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်ရေး ကင်မရာနှစ်လုံးကို ပိတ်ပစ်မယ်လို့ ဇွန်လ ၈ ရက်နေ့မှာ ပြောပါတယ်။  

၃၅ နိုင်ငံပါဝင်တဲ့ နျူကလီးယားစောင့်ကြည့်ရေးဘုတ်အဖွဲ့ဟာ တီဟီရန်အစိုးရအပေါ် ဝေဖန်တဲ့ ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း အတည်ပြုလိုက်ချိန်မှာ အီရန်က အခုလိုပြောလိုက်တာပါ။

အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေက တင်သွင်းတဲ့ အဲဒီအဆိုပြုချက်ကို ရုရှားနဲ့ တရုတ်တို့က ကန့်ကွက်ခဲ့ကြပါတယ်။ အဲဒီအဆိုပြုချက်မှာ အီရန်ဟာ  ဖော်ပြမထားတဲ့ နေရာသုံးနေရာမှာ တွေ့ရှိခဲ့တဲ့ ယူရေနီယံတွေနဲ့ပတ်သတ်ပြီး ရှင်းမပြနိုင်တဲ့အတွက် အုပ်ချုပ်ရေးဘုတ်အဖွဲ့က အလွန်စိုးရိမ်တယ်လို့  ဖော်ပြထားပါတယ်။

 ဒါဟာ ရပ်တန့်ထားပြီးဖြစ်တဲ့ ၂၀၁၅ အီရန်နျူကလီးယားသဘောတူညီချက်ကို ပြန်လည်အသက်သွင်းမယ့် ဆွေးနွေးပွဲတွေကို ပျက်စီးစေမယ့် အလားအလာဖြစ်တယ်လို့ အီရန်က ဆိုပါတယ်။

 “ခုအချိန်အထိ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ IAEA ဟာ အီရန်ရဲ့ ကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးမတင်ရုံသာမက အဲဒါကို တာဝန်တစ်ရပ်အနေနဲ့လည်း မှတ်ယူထားပါတယ်၊ ဒီနေ့ကစပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက အွန်လိုင်းမြှင့်တင်မှုစောင့်ကြည့်ရေး (OLEM) ရဲ့ စောင့်ကြည့်ကင်မရာတွေကို ပိတ်ပစ်ဖို့ အမိန့်ပေးထားတယ်” လို့ အီရန်နိုင်ငံပိုင်မီဒီယာက ဆိုပါတယ်။

“အီရန်က စောင့်ကြည့်ကင်မရာတွေကို ဖယ်ရှားတာဟာ  ကျွန်တော်တို့ ရှာဖွေနေတဲ့ သံတမန်ရေးရာရလဒ်အတွက် အလွန်ဝမ်းနည်းဖွယ်ကောင်းပြီး ဆန့်ကျင်ဘက်ဖြစ်စေတယ်” လို့ ဘုတ်အဖွဲ့ကိုပေးပို့တဲ့ အမေရိကန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။