နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ ကက်သလစ်ဘုရားကျောင်းတစ်ကျောင်းကို သေနတ်သမားတွေက ဇွန်လ ၅ရက်နေ့မှာ အစုလိုက်အပြုံလိုက် စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး လူ ၅၀ သေဆုံးခဲ့တယ်လို့ ဆေးရုံဆရာဝန်တစ်ဦးနဲ့ မီဒီယာတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
“သေနတ်သမားတွေက ဘုရားကျောင်းအပြင်နဲ့အတွင်းမှာရှိတဲ့ လူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အများအပြားသေဆုံးခဲ့ပြီး ဝတ်ပြုသူတွေ ဒဏ်ရာရသွားခဲ့တာပါ” လို့ Ondo ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Funmilayo Ibukun Odunlami က ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း အနည်းဆုံး ရုပ်အလောင်း ၅၀ ခန့်ကို မြို့တွင်းမှာရှိ တဲ့ ဆေးရုံနှစ်ရုံကို ပို့ဆောင်ခဲ့ပြီး တိုက်ခိုက်သူတွေရဲ့ အထောက်အထားနဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။
သမ္မတ Muhammadu Buhari ကတော့ ဒီတိုက်ခိုက်မှုကို “ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်” လို့ ရှုတ်ချပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကလည်း အခမ်းအနားမှာ နာကျင်စွာ ဒဏ်ခတ်ခံခဲ့ရတဲ့ လူတွေအတွက် ဆုတောင်းနေတယ်လို့ ဗာတီကန်ကလည်း ဆိုထားပါတယ်။
နိုင်ဂျီးရီးယားဟာ အရှေ့မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းတို့မှာ အစ္စလာမ္မစ် သူပုန်တွေ၊ လက်နက်ကိုင်ဂိုဏ်းတွေနဲ့ တိုက်ခိုက်နေပြီး အနောက်တောင်ဘက်မှာတော့ ဒီလိုတိုက်ခိုက်မှုမျိုးက ကြုံတောင့်ကြုံခဲဖြစ်တယ်လို့ သိရပါတယ်။