စစ်သားက ရဲတွေကို နိုင်ထက်စီးနင်းဆက်ဆံမှု အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးရွားလာ

အကြမ်းဖက်စစ်သားတွေရဲ့ ရဲတပ်ဖွဲ့ဝင်တွေအပေါ် နိုင်ထက်စီးနင်းဆက်ဆံမှုဟာ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပိုမိုဆိုးရွားလာတယ်လို့ ရန်ကုန်တိုင်းအတွင်း လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးက DNA ကိုပြောပါတယ်။
မေလ ၃၁ ရက်နေ့က မကွေးမြို့အမှတ် ၂ ရဲစခန်းထဲ စခန်းမှူးအောင်စိုးကို မကွေးလေတပ်က စစ်သားတစ်ဦး ထိုးကြိတ်ခဲ့တာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာ သူကအဲဒီလိုပြောပါတယ်။
‘ရဲဆိုရင် စစ်တပ်က သူတို့ခိုင်းသမျှ လုပ်ရတဲ့ လက်အောက်ခံဝန်ထမ်းအဖြစ်နဲ့ ဆက်ဆံလာတာက ဟိုးအရင် အစဉ်အဆက်ထဲကပါပဲ။ အခုအာဏာသိမ်းပြီး နောက်ပိုင်းမှာ စစ်တပ်တွေကလည်း မြို့ပေါ်တွေမှာ လုံခြုံရေး တာဝန်ယူလာရတော့ စစ်တပ်နဲ့ရဲ လုပ်ငန်းအတူလုပ်လာရတယ်။ဆက်ဆံရေး ပိုနီးလာတယ်။ အဲမှာ စစ်တပ်ကရဲတွေကို သူတို့ခိုင်းဘက်လိုလုပ်လာတယ်။ ရဲတွေက စစ်တပ်အတွက် အရက်ကအစ၊ ရိက္ခာရှာပေးရတာမျိုးတွေ ဖြစ်လာတယ်။ သူတို့ကအသေခံတိုက်နေရတဲ့သူတွေ၊ ရဲတွေက ဘာအဆင့်မှ မရှိဘူးဆိုတာမျိုးနဲ့ တစ်ရစ်မှ မရှိတဲ့ကောင်ကအစ ရဲအရာရှိကို ဂရုမစိုက်တာ မကွေးရဲစခန်း ဗီဒီယိုဖိုင်က သက်သေပဲ’ လို့ သူကပြောပါတယ်။
အာဏာသိမ်းပြီး ၆ လကျော်ကာလကစပြီး မြို့ပေါ်လုံခြုံရေးတာဝန်ယူရတဲ့ စစ်တပ်အရာရှိတွေဟာ စစ်တပ်သတင်းပေးနဲ့ ပျူစောထီးတို့ကိုမွေးကာ တရားမဝင်လုပ်ငန်းတွေဆီက လိုင်းကြေးကောက်ခံတာမျိုး လုပ်ဆောင်လာကြတယ်လို့ သိရပါတယ်။
‘ရဲတွေဂွင်ထဲကို စစ်တပ်ကပါ မြို့ခံသတင်းပေးတွေမွေးပြီး ဝင်လာတာ။ နှစ်လုံးရောင်းတာတို့၊ မူးယစ်ဆေးဝါး ရောင်းတာတို့၊ လောင်းကစားဝိုင်းဖွင့်တာတို့က အရင်ကရဲနဲ့အိုကေရင်ပြီးတယ်။ အခုကတော့ စစ်တပ်နဲ့အဆင်ပြေမှ ပြီးတော့တယ်’ လို့ သူကဆက်ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်တပ်တင်မကဘဲ စစ်တပ်ကမွေးထားတဲ့ ပျူစောထီးနဲ့သွေးသောက်တွေရဲ့ မထီမဲ့မြင်ပြုခြင်းကိုပင် ခံလာရတယ်လို့သိရပါတယ်။
‘အခုရဲတွေထဲက လာဘ်စားတဲ့ရဲတွေက စစ်ဗိုလ်ကို မျက်နှာချိုသွေးပြီး ပေါင်းစားနေကြတယ်။ လာဘ်မစားဘဲ ကိုယ့်ဘာသာနေတဲ့ ရဲတွေကိုတော့ စစ်တပ်က မယုံကြည်ဘူး။ မျက်နှာသာမပေးဘူး။ လူပါးဝတဲ့ဗိုလ်တွေဆို စခန်းထဲလာပြီး ဆဲဆိုတာမျိုးတွေလုပ်လည်း ခံရတယ်’ လို့ သူကပြောပါတယ်။
စစ်တပ်ကနေ အသွင်ပြောင်းလာတဲ့ ရဲအရာရှိတွေကလည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရဲစစ်စစ်တွေအပေါ် နိုင်ထက်စီးနင်း ဆက်ဆံလာကြတယ်လို့ ဆိုပါတယ်။
‘စစ်တပ်က မိုးကျရွှေကိုယ်တွေပေါ့။ စစ်တပ်မှာ တပ်ကြပ်ကြီးဆို ရဲထဲရောက်တော့ တစ်ပွင့်ဖြစ်လာတဲ့ကောင်တွေ။ ဒီကောင်တွေက ရဲလုပ်ငန်းအကြောင်း ဘာမှနားမလည်ဘူး။ သင်ရကောင်းမှန်းလည်း မသိဘူး။ စစ်သားဆို ပြီးရဲထဲလာပြီး မောက်မာနေတာ။ အဲကောင်တွေနဲ့ ရဲစစ်စစ်တွေကြားမှာ ဟိုးအရင်ကတည်းက အဆင်မပြေကြ တာ’ လို့ ရဲအရာရှိက ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေထဲ အပေါ်စီးကနေ မိုးကျရွှေကိုယ်အဖြစ် ရောက်ရှိကာ မောက်မာနေတဲ့ စစ်သားအသွင်ပြောင်းတွေကြောင့် ရဲစစ်စစ်တွေရဲ့ သွေးသားထဲ စစ်တပ်မုန်းတီးရေးအခံရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
‘ဘာ့ကြောင့် ရဲတွေ CDM မလုပ်ကြတာလဲဆိုတော့ အကြောင်းအမျိုးမျိုးတွေပေါ့။ အဓိကကတော့ မိသားစုလိုက် မစွန့်စားရဲတာပါ။ ကျွန်တော်ဆိုရင် မိသားစုလိုက် မစွန့်စားရဲတာတစ်ချက်တည်းနဲ့ CDM မလုပ်ရဲတာ။ ဒီကောင်တွေလက်အောက် လုပ်ချင်တာမဟုတ်ဘူး’ လို့ ရဲအရာရှိက ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်မှာ တရားမဝင်လုပ်ငန်းတွေ ပိုများလာသလို လာဘ်စားတဲ့ရဲတွေအတွက် ပိုအလုပ်ဖြစ်လာတယ်လို့လည်း သူကဆိုပါတယ်။
မေလ ၃၁ ရက်နေ့မှာ မကွေးလေတပ်ထဲက စစ်သားတစ်ဦး မကွေးမြို့အမှတ် ၂ ရဲစခန်းထဲရောက်လာကာ ရဲစခန်းမှူးကို ထိုးကြိတ်တာကြောင့် ချုပ်နှောင်ခဲ့ပါတယ်။
အဲဒီနောက် စစ်တပ်တာဝန်ရှိသူတွေကိုခေါ်ယူပြီး ပြန်လည်အပ်နှံဖို့ ချုပ်နှောင်ထားတာကို ပြန်‌ဖြေပေးလိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီစစ်သားက စခန်းမှူးကို ထပ်မံထိုးကြိတ်ခဲ့ရုပ်သံဖိုင်ဟာ လူမှုမီဒီယာစာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။