မေလပထမ ၁၅ ရက်အတွင်း စစ်ကိုင်းတိုင်းမှာ တိုက်ပွဲပြင်းထန်ပြီး အရပ်သား ၃၈ ဦးထက်မနည်းသေ

မေလပထမ ၁၅ ရက်အတွင်း စစ်ကိုင်းတိုင်းမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးအရပ်သား ၃၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ISP-Myanmar က ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းရှိ ၅၁ မြို့နယ်မှာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။
၂၀၂၂ ခုနှစ် မေ ၁ ရက်ကနေ ၁၅ ရက်အတွင်း အကြမ်းဖက် စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြားတိုက်ပွဲ ၁၀၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။
ဒါ့အပြင် နေအိမ် ၅,၇၀၁ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အပြင် အဲဒီပဋိပက္ခတွေကြောင့်ပဲ အရပ်သား ၄၆ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတဝန်းလုံးမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ပဋိပက္ခ အများဆုံး ဖြစ်ပွားခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ မေ ၁၅ ရက်အတွင်း ISP-Myanmar က လက်လှမ်းမီသမျှ စုဆောင်းထားတဲ့ အချက်အလက်တွေအရ ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲအကြိမ်ရေ ၂,၄၃၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲ အရေအတွက်က နိုင်ငံတစ်ဝန်းလုံးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အကြိမ်ရေရဲ့ ၅၆ ရာခိုင်နှုန်းကျော် ရှိပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာတော့ တိုက်ပွဲဖြစ်ပွားမှု ၄၃၉ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး နိုင်ငံတဝန်းလုံးမှာ ဒုတိယ ပဋိပက္ခ အများဆုံးနေရာ ဖြစ်ပါတယ်။
ကရင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအရေအတွက်ဟာ အများဆုံးရှိခဲ့ပေမယ့် စစ်ကိုင်းတိုင်းမှာတော့ မြို့နယ်အများအပြားနဲ့ နေရာအနှံ့နီးပါးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ပုံစာ – ၁၅ ရက်နေ့က ယင်းမာပင်မြို့နယ်၊ ရွာသာယာနဲ့ နှောရိုးကျေးရွာကိုစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့