စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ကုက္ကိုရွာ အရှေ့ဘက်မှာ အခြေစိုက်ထားတဲ့ PDF(Kalay)တပ်ရင်း ၄ ပင်မစခန်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် စခန်းစွန့်လွှတ်ခဲ့ရတယ်လို့ PDF(Kalay)က ဒီကနေ့ မေလ ၁၇ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မေလ ၁၄ရက်နေ့မှာ PDF(Kalay)တပ်ရင်း ၄ ပင်မစခန်းကို စစ်အုပ်စုက တိုက်လေယာဉ် ၃စီး၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂စီးနဲ့ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် PDF(Kalay)တပ်ရင်း ၄ အနေနဲ့ ခုခံကာကွယ်ဖို့ လက်နက်ခဲယမ်း မလုံလောက်ဘဲ ဆုတ်ခွာပေးခဲ့ရတာလို့ ဆိုပါတယ်။
အရေးပေါ် ဆုတ်ခွာခဲ့ရတာကြောင့် တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးသူ မရှိခဲ့ပေမယ့် ပြည်သူတွေ ပံ့ပိုးမှုနဲ့ သိုလှောင်ထားတဲ့ စားနပ်ရိက္ခာတွေ၊ ကျည်မျိုးစုံ၊ လက်လုပ်စိန်ပြောင်း၊ ဗုံးသီးနဲ့ မိုင်းဆက်စပ်ပစ္စည်းတွေ၊ လက်နက်ထုတ်လုပ်ရေး ဆက်စပ်ပစ္စည်းတွေနဲ့ ယူနီဖောင်း ကျည်ကာတွေအပြင် တပ်ဖွဲ့ဝင်တွေရဲ့ ဆိုင်ကယ်၊ ဖုန်းနဲ့ ရွှေငွေအချို့အပြင် စခန်းမှာ ဒေသခံကလေးငယ်တွေအတွက် ဖွင့်လှစ်သင်ကြားပေးနေတဲ့ ပညာရေးလုပ်ငန်းဆိုင်ရာ ဆက်စပ်ပစ္စည်းတွေအားလုံး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ မေလ ၁၆ရက်နေ့မှာ လယ်ခြားကျေးရွာနဲ့ ဒီကနေ့ မေလ ၁၇ရက်နေ့မှာ ကုက္ကိုကျေးရွာတွေကို ဝင်ရောက် မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။