ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၃)မှာ အမျိုးသမီးစစ်မေတစ်ဦးဟာ လက်ဖြောင့်ဆုရှင်အဖြစ် ဆုချီးမြှင့်ခံခဲ့ရတယ်လို့ BPLAက ဒီကနေ့ ဧပြီလ ၄ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
အခြေခံစစ်ပညာသင်တန်းရဲ့ စက်ပစ်ကွင်းမှာ သင်တန်းသားတွေကို တစ်ဦးကို ၃ ချက်နှုန်းနဲ့ ပစ်ခွင့်ပေးခဲ့ရာမှာ ပစ်မှတ်ရဲ့ အလယ်ဗဟိုတည့်တည့်ကို ထိအောင်ပစ်နိုင်တဲ့ သင်တန်းသားတစ်ဦးနဲ့ သင်တန်းသူတစ်ဦး ထွက်ပေါ်လာခဲ့ပြီး အမှတ်တူနေတဲ့ သင်တန်းသား ၂ ဦးကို ထပ်မံယှဉ်ပြိုင်စေရာမှာ သင်တန်းသူ အမျိုးသမီးစစ်မေဟာ နောက်ထပ်
၃ ချက်လုံးကိုလည်း ပစ်မှတ်ရဲ့ အလယ်ဗဟိုကို ထိမှန်အောင် ပစ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
BPLA ဟာ မိတ်ဖက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ အကြမ်းဖက်စစ်အုပ်စုကို ဖြုတ်ချရေးအတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။