ရန်ကုန်မြို့မှာ ဒီကနေ့ ဧပြီလ ၃၀ရက်နေ့ ညနေ ၃နာရီလောက်ကစလို့ နေရာကွက်ကြား မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး သစ်ပင် သစ်ကိုင်းအချို့ ကျိုးကျကာ ဓာတ်တိုင်အချို့ လဲပြိုခဲ့တယ်လို့ ရန်ကုန်မြို့နေထိုင်သူတွေက ပြောပါတယ်။
သင်္ကန်းကျွန်းမြို့နယ် သံသုမာလမ်းမပေါ်မှာ မိုးရွာသွန်းပြီးနောက် ဓာတ်တိုင်အချို့ ကျိုးကျခဲ့တာကြောင့် ဖြတ်သန်းသွားလာတဲ့ မော်တော်ယာဉ် နှစ်စီးပေါ် ပိမိခဲ့ပါတယ်။ လူထိခိုက်မှု မရှိပေမယ့် ပျက်စီးမှု အနည်းငယ် ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
“မိုးရွာတာက တစ်နာရီတောင် မပြည့်ပါဘူး နာရီဝက်သာသာလောက်ရွာတာ တချို့နေရာတွေတော့ ရေရောလေရော တော်တော်ပါတယ်၊ အပူချိန်နည်းနည်းလျော့သွားပေမဲ့ ပြီးတော့ ပြန်ပူတာပါပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။