ဓာတ်ပုံ-CDSOM
စစ်ကိုင်းတိုင်း မန္တလေး-မုံရွာကားလမ်းမှာ Jumper ကားနှစ်စီးနဲ့ မိုင်းရှာထွက်လာတဲ့ စစ်အုပ်စု မိုင်းထိမှန်ပြီး သေဆုံးသူများပြားခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
ဒီကနေ့ ဧပြီလ ၂၂ရက်နေ့ မနက်၁၀နာရီလောက်မှာ ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးကင်းအကြားမှာ မိုင်းရှာထွက်လာတဲ့ စစ်အုပ်စုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOMက ဦးဆောင်ပြီး ၄လုံးဆင့် ကျောက်တိုင်မိုင်း ၂လုံးနဲ့ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ရာမှာ Jumperကား အရှေ့ပိုင်းပျက်စီးသွားခဲ့ပြီး စစ်အုပ်စုက ၈ဦး သေဆုံးခဲ့ပါတယ်။
မိုင်းထိမှန်ပြီးနောက် ဆောက်တည်ရာမရဖြစ်ကုန်တဲ့ စစ်အုပ်စုဟာ CDSOM ထောင်ထားတဲ့ လက်ကျန်မိုင်း ၁၁လုံးနဲ့ တစ်ဖက်ဖွင့် မိုင်း ၂လုံးမှာ တပ်ဆင်ထားတဲ့ ကြိုးတွေကို ခလုပ်တိုက်မိရာမှ အများအပြား ထပ်မံသေဆုံးခဲ့ပြီး ၁၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ တပ်ရင်း(၁) တပ်ရင်း (၂) တပ်ခွဲ (၃) Myaung Union Army ၊ ကန္တာရသိန်းငှက်အဖွဲ့၊ Black Eagle Defence Forceနဲ့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။