ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း စစ်သတင်းပေးလို့ နာမည်ကြီးနေသူတစ်ဦး ဒီနေ့မနက်မှာ ရှင်းလင်းခံရပါတယ်။
ခရမ်းမြို့နယ်၊ တကောကန်ကျေးရွာနေ အကြမ်းဖက်စစ်တပ်သတင်းပေးလို့ အများကသတ်မှတ်ကြတဲ့ သန့်ဇင်(ခ)မောင်ဇင်ဆိုသူကို သပြုကန်ကျေးရွာမှာ ဒီနေ့မနက် ၆ နာရီလောက်က အမည်မသိအဖွဲ့တစ်ခုက သေနတ်နဲ့ ၉ ချက်ပစ်ခတ်ခဲ့ရာ နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။
သန့်ဇင်ဟာ အရင်စစ်ထောက်လှမ်းရေးတပ်မှာ တာဝန်ထမ်းခဲ့ဖူးတဲ့ ပင်စင်စားတစ်ဦးဖြစ်ပြီး ခရမ်းကနေ ဆိုင်ကယ်နဲ့ တကောကန်ကို အပြန်လမ်းခုလတ်မှာ အပစ်ခံရခြင်းဖြစ်ပါတယ်။
‘အနီးကပ်ကို အပစ်ခံရတယ်လို့ သိရတယ်။ အရင်ကထောက်လှမ်းရေးလုပ်ဖူးတာရော သူက ဆိုင်ကယ် တက္ကစီ လည်းဆွဲတာဆိုတော့ နေရာစုံရောက်နေတဲ့လူ။ မဖျောက်နိုင်တဲ့ ဗီဇလို့ပဲခေါ်မလား။ စစ်တပ်သတင်းပေး လုပ်ရတာကိုပျော်နေတာလို့ ပြောကြတယ်’ လို့ ခရမ်းမြို့နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
သေဆုံးသူရဲ့ အလောင်းကို စစ်တပ်က လာသယ်သွားတယ်လို့ ခရမ်းချန်နယ်က ဆိုပါတယ်။