စစ်အုပ်စုက စာပေပုံနှိပ်တိုက်တွေရဲ့ ထုတ်ဝေခွင့်ပိတ်သိမ်းတာတွေများလာ

Photo – စိတ်ကူးချိုချို
ဧပြီလ ပထမ ဆယ်ရက်အတွင်းမှာပဲ စစ်အုပ်စုလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနကနေ စာပေ ပုံနှိပ်တိုက် သုံးခုကို ပိတ်လိုက်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဝင်းတိုးအောင် ပုံနှိပ်တိုက်နဲ့ ရန်အောင်စာပေတိုက်တို့ကို ဧပြီ ၇ ရက်နေ့ကစလို့ စစ်အုပ်စုလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ထုတ်ဝေခွင့် ပိတ်လိုက်တာဖြစ်ပြီး ဒီမတိုင်ခင် ရက်ပိုင်းကလည်း စစ်အုပ်စု လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ရွှေလာဘ်စာပေတိုက်ကို ပိတ်သိမ်းခဲ့ပါသေးတယ်။
“စစ်အုပ်စုက စာပေစီစစ်ရေးကို ပြန်ပြီးအသက်သွင်း‌‌နေတာ။ ထုတ်ဝေခွင့် အပိုင်းတွေကို လိုက်ကြပ်နေတာ။ ပြည်တွင်းမှာက စာပေလွတ်လပ်ခွင့်မရှိတော့ဘူး။ သူတို့ လုပ်ချင်တာတွေ လုပ်နေတာ။” လို့ စာပေအသိုင်းအဝိုင်းက အမည်မဖော်လိုသူတစ်ဦးက DNA ကို ပြောပါတယ်။
အခု စစ်အုပ်စုအနေနဲ့ စာပုံနှိပ်တိုက်တွေရဲ့ ထုတ်ဝေခွင့်တွေကို ပိတ်ပင်တာဟာ စာပေလောကအတွက် စိုးရိမ်စရာ အခြေအနေဖြစ်နေတယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။