မုံရွာမြို့မှာ စစ်အုပ်စုတပ်စွဲထားတဲ့ နေရာ ၃ ခုမှာ ဗုံးတွေပေါက်

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အကြမ်းဖက်စစ်အုပ်စုက လုံခြုံရေးရယူထားတဲ့ ကမ္ဘောဇဘဏ်ခွဲ ၄၊ ယာဉ်ထိန်းရုံးနဲ့ အထက (၁) စာသင်ကျောင်းတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၉ ရက်နေ့ နေ့လည် ၁၁ နာရီခန့်မှာ စစ်အုပ်စုက စခန်းချ လုံခြုံရေးယူထားတဲ့ ပေ ၈၀ လမ်းပေါ်ရှိ ကမ္ဘောဇဘဏ်ခွဲ၊ ပြည်ထောင်စုလမ်းပေါ်မှာရှိတဲ့ ယာဉ်ထိန်းရုံးနဲ့ အထက (၁) စာသင်ကျောင်းအတွင်းက စစ်အုပ်စုကို လက်ပစ်ဗုံးတွေနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့တယ်လို့ Brother defense Force က သတင်းထုတ်ပြန်ထားပါတယ်။
ပေါက်ကွဲမှုတွေကြောင့် စစ်အုပ်စုက ထိခိုက်မှု ရှိမရှိကိုတော့ သီးခြားအတည်မပြုနိုင်သေးဘဲ တိုက်ခိုက်မှုတွေကို Unity Force Monywa, Brother defense Force နဲ့ people’s Warriors မဟာမိတ်အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“KBZ Bank အနေဖြင့် အများပြည်များ၏ Kpay အကောင့်များကို ဗဟိုဘဏ်၏ ညွှန်ကြားချက်ဟုဆိုကာ တားမြစ်ပိတ်ဆို့မှု့များ ပြုလုပ်နေပါသည် ဆက်လက်ပြီး KBZ Bank အနေဖြင့် စစ်ထောက်တိုင်အဖြစ် ရပ်တည်နေမည်ဆိုလျှင် KBZ ဘဏ်အား ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်” လို့ Brother defense Forceက ဆိုပါတယ်။
တိုက်ခိုက်မှုအပြီးမှာ ပူးပေါင်းအဖွဲ့က ထိခိုက်သူမရှိခဲ့ဘဲ ဘေးကင်းလုံခြုံရာကို ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။