ဧရာဗေဒါတပ်ဖွဲ့ရဲ့ တံဆိပ်နဲ့ အမည်ကိုအသုံးပြုပြီး ထုတ်ပြန်စာအတုတွေထွက်ပေါ်နေ

ဧရာဝတီတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုကို ခုခံတိုက်ခိုက်နေတဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဧရာဗေဒါတပ်ဖွဲ့ရဲ့ တံဆိပ်နဲ့ အမည်ကို အသုံးပြုကာ ထုတ်ပြန်စာအတုတွေ ထွက်ပေါ်နေခဲ့တယ်လို့ ဧရာဗေဒါအဖွဲ့က DNA ကို ပြောပါတယ်။
ဘိုကလေးမြို့နယ် ဧရာကျေးရွာမှာ လုပ်ဆောင်မဲ့ လမ်းလျှောက်သင်္ကြန်ပွဲတော်နဲ့ ပက်သက်ပြီး ဧရာဗေဒါအဖွဲ့အနေနဲ့ သတိပေးခဲ့တယ်လို့ ထုတ်ပြန်ချက်စာတစ်စောင်ဟာ ဒီကနေ့ ဧပြီလ ၈ရက်နေ့မှာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် အဲဒီထုတ်ပြန်ချက်အတုကိုလည်း DNA သတင်းဌာနကို ဆက်သွယ်ပေးပို့လာခဲ့ပါတယ်။
အခုလို ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဧရာဗေဒါအဖွဲ့အနေနဲ့ ထုတ်ပြန်ထားတာ မရှိဘဲ အဖွဲ့ရဲ့ တံဆိပ်နဲ့ အမည်ကို အသုံးပြုကာ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အခုစာနဲ့ ပက်သက်ပြီး ကျွန်တော်တို့ ထုတ်ပြန်ထားတာ မရှိပါဘူး၊ ကျွန်တော်တို့ အရင်က ထုတ်ပြန်ထားတဲ့ စာတွေကို အတွင်းကစာသားတွေ ပြောင်းပြီးတော့ လုပ်ထားတာပါ၊ ကျွန်တော်တို့ ထုတ်ပြန်ချက်တွေကို ဧရာဗေဒါရဲ့ တရားဝင်Pageမှာ အမြဲတင်ပေးပါတယ်”လို့ ဧရာဗေဒါအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။