ပုလဲထွေအုပ်ရုံးမှာ မိုင်းကွဲ၊ အရာရှိတစ်ဦးအပါအဝင် ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ သိမ်းဆည်းထားတဲ့ ရှေ့ထွက်မိုင်း၃လုံးကို ကား ပေါ်တင်စဉ် ပေါက်ကွဲခဲ့ရာ အကြမ်းဖက်စစ်တပ်အရာရှိတစ်ဦးအပါအဝင် ၃ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီနေ့နေ့ခင်း၁၂နာရီခွဲလောက်မှာ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး တစ်ဦးခြေထောက်နှစ်ချောင်းစလုံးပြတ်ထွက်သွား ကာ နောက်တစ်ဦးက ပေါင် ထိခိုက်မှုဖြစ်ကာ ကျန်တစ်ဦးကတော့ အနည်းငယ်ထိခိုက်ခဲ့တယ်လို့ ဒေသတွင်း ပြောက်ကျားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရဲဘော်ပေ ကပြောပါတယ်။
‘ခြေထောက်နှစ်ချောင်းစလုံးပြတ်သွားတာက အရာရှိလားတပ်သားလားတော့မသိဘူး။ဆေးရုံ အသိုင်းအဝိုင်းက နေသိရတာ တစ်ယောက်ဒဏ်ရာပြင်းတယ်’လို့ သူကပြောပါတယ်။
အဲဒီမိုင်း၃လုံးကို ဧပြီ၂၄ရက်နေ့က ပုလဲမြို့ဈေးအရှေ့ဘက်မှာ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပုလဲထွေအုပ်ရုံးထဲယူလာ ကာ သိမ်းဆည်းခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ပုလဲမြို့၊ပါရမီရပ်ကွက်သားတစ်ဦးက ဈေးအရှေ့ဘက်မှာတွေ့ခဲ့တဲ့မိုင်းဟာ အကြမ်းဖက်စစ်တပ်က သူတို့ဘာ သာထောင်ပြီး သူတို့ဘာသာ တွေ့ရှိခြင်းလည်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
‘အခုတော့ ကိုယ်ထောင်ထားတဲ့မိုင်းကိုယ်ဘာသာပြန်တွေ့၊ပြန်သိမ်းပြီး ပြန်သယ်တာ ကိုယ့်လူကိုယ်မှန် တာထင်တယ်ဆိုပြီး ပြည်သူတွေဟားနေကြပြီ’လို့ သူကပြောပါတယ်။