သီရိလင်္ကာနိုင်ငံမှာ မကြုံဖူးလောက်အောင် စီးပွားရေး အကျပ်အတည်းတွေ ဖြစ်ပေါ်နေတာကြောင့် မကျေနပ်ကြတဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ သမ္မတအိမ်ကို အတင်းဝင်ရောက်ဖို့ ကြိုးစားပြီး နောက်တနေ့ ဧပြီလ ၁ ရက်နေ့မှာပဲ သမ္မတက နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။
သမ္မတ Gotabaya Rajapaksa ဟာ သူ့ကို ရာထူးကထွက်ပေးဖို့ ဆန္ဒပြနေသူတွေကို တရားရုံးအမိန့်မပါပဲ ဖမ်းဆီးထိန်းသိမ်းခွင့် ပေးလိုက်တဲ့ အရေးပေါ်အမိန့်ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။
လူထုရဲ့ စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ ရပ်ရွာလူထုဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အရေးပေါ်အခြေအနေ ကြေညာတယ်လို့ ဆိုပါတယ်။
မြို့တော် ကိုလံဘို အပါအဝင် နိုင်ငံအနောက်ပိုင်းဒေသတွေမှာ ညအချိန် အိမ်ပြင်မထွက်ရအမိန့်ကို ရဲတပ်ဖွဲ့က သောကြာနေ့မှာ ပြန်လည်ပြဌာန်းထားပါတယ်။
လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ မရှိမဖြစ် နေ့စဉ်သုံး ကုန်ပစ္စည်းတွေ ပြတ်လပ်နေပြီး၊ ကုန်ဈေးနှုန်းတွေကလည်း မြင့်တက် လျှပ်စစ်ဓါတ်အားတွေလည်း ပြတ်တောက်နေပါတယ်။ ဒါဟာ ၁၉၄၈ ဗြိတိန်လက်အောက်ကနေ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတာကြောင့် လူထုကြား မကျေနပ်မှုတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။