အမေရိကန်က ယူကရိန်းကို ဒေါ်လာသန်း ၃၀၀ဖိုး လက်နက်တွေထောက်ပံ့

Photo – U.S. Marine Corps

အမေရိကန်နိုင်ငံက ယူကရိန်းကို လုံခြုံရေးအကူအညီထောက်ပံ့ဖို့ နောက်ထပ် ကန်ဒေါ်လာ သန်း၃၀၀ ပေးအပ်သွားမယ်လို့ ပင်တဂွန်က ဧပြီလ ၁ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ဒါဟာ သမ္မတ ဂျိုးဘိုင်ဒမ်လက်ထက်ကတည်းက ယူကရိန်းအတွက်  အမေရိကန်ရဲ့ လုံခြုံရေးဆိုင်ရာ အထောက်အပံ့တွေဟာ ကန်ဒေါ်လာ ၂ ဒဿမ ၃ဘီလီယံကျော်ရှိလာပြီလို့ ပင်တဂွန်ပြောရေးဆိုခွင့်အရာရှိ ဂျွန်ခရီဘိုင်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။ 

အခုတခေါက်မှာတော့ Suicide ဒရုန်းတွေ ၊ ဒရုန်းကာကွယ်ရေးစနစ်တွေ ၊ လက်နက်တပ်ဆင်ထားတဲ့ ယာဉ်တွေအပြင်  ညဘက်သုံး စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ယူကရိန်းက အမေရိကန်နဲ့  ဥရောပနိုင်ငံတွေဆီကနေ ပိုမိုအဆင့်မြင့်တဲ့ လက်နက်တွေရဖို့ တွန်းအားပေးနေချိန်မှာ အခုလို အထောက်အပံ့သစ်ပေးအပ်မယ့် အစီအစဉ်ထွက်ပေါ်လာတာပါ။  ယူကရိန်းဘက်ကတောင်းဆိုတဲ့ လက်နက်ပစ္စည်းတော်တော်များများကို အမေရိကန်အစိုးရက ဖြည့်ဆည်းပေးခဲ့ပေမယ့် လေယာဉ်လိုမျိုး ကြီးမားတဲ့ တောင်းဆိုမှုတချို့ကိုတော့ မပေးနိုင်ခဲ့ဘူးလို့ သိရပါတယ်။