ပခုက္ကူ စီမံ/ဘဏ္ဍာဌာနတွင်း ပြောက်ကျားတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းနဲ့ အခွန်ဦးစီးဌာနရုံးကို ဒီနေ့မွန်းလွဲပိုင်းမှာ ဒေသတွင်း မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ ဝင်ရောက်စီးနင်းကာ ဌာနဆိုင်ရာပစ္စည်းတွေကို ဖျက်ဆီးခြင်းနဲ့သိမ်းဆည်းခြင်းတို့ပြုလုပ်ပြီး ဝန်ထမ်းတွေအနေနဲ့ ပြည်သူနဲ့အတူရပ်တည်ဖို့ ပြောကြားခဲ့ကြောင်း ဒေသတွင်းပြောက်ကျားတပ်ဖွဲ့ Young Force(UG) က ထုတ်ပြန်ပါတယ်။
ပြောက်ကျားတွေ ရုံးတွင်းဝင်ရောက်စီးနင်းနေစဉ် ရုံးဝန်ထမ်းတွေက အကြမ်းဖက်စစ်တပ်ထံ ဖုန်းခေါ်ဆိုတိုင်ကြားဖို့ ပြုလုပ်နေတာကြောင့် သိမ်းဆည်းခဲ့ပြီး ရုံးဝန်ထမ်းတစ်ဦးက ပြောက်ကျားတစ်ဦးရဲ့ သေနတ်ကို လုယက်ကာ ပြန်လည်ခုခံဖို့ကြိုးစားတာကြောင့် ဆုံးမခဲ့တယ်လို့ သိရပါတယ်။
အခုလို မြို့ပေါ်က ဌာနဆိုင်ရာကို စီးနင်းခြင်းဟာ ပခုက္ကူမြို့တွင်းမှာတောင် စစ်အုပ်ချုပ်ရေးအာဏာ သိသာစွာလျော့ရဲလာပြီဆိုတာကို ပြဆိုနေကြောင်း အမှတ် ၁၄ ရပ်ကွက်သား တစ်ဦးက ပြောပါတယ်။
‘မတ်လ ၂၄ ရက်နေ့တုန်းကလည်း ပခုက္ကူ စက်မှုဇုန် (၆) လမ်းက စားသောက်ဆိုင်ကို PDF တွေ ဝင်စစ်တယ်လေ။အခုလည်း တစ်မြို့လုံးဝက်ဝက်ကွဲကို သတင်းက ဟိန်းထွက်လာတယ်။ ပြန်ခုခံတဲ့ဝန်ထမ်း ကောင်းကောင်းအရိုက်ခံလိုက်ရတယ်လို့ကြားတယ်’ လို့ သူကပြောပါတယ်။ဝင်ရောက်စီးနင်းမှုကို RSO(PKU)၊ Earthquake People’s Defence Force (UG) နဲ့ Young Force(UG) တို့ ပူးပေါင်းဖော်ဆောင်တာပါ။