ခရမ်းမြို့ပေါ် စစ်အုပ်စုပစ်မှတ်တွေ ဆက်တိုက်အတိုက်ခံရပြီးနောက် ပိတ်ဆို့စစ်ဆေးမှု ပြင်းထန်လာ

Photo- ခရမ်းချန်နယ်

အကြမ်းဖက်စစ်အုပ်စု ပစ်မှတ်တွေ ဆက်တိုက်တိုက်ခိုက်ခံနေရတဲ့ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့ပေါ်မှာ ပိတ်ဆို့စစ်ဆေးမှု ပြင်းထန်နေတယ်လို့ သိရပါတယ်။

မတ်လ ၁၈ ရက် ညနေပိုင်းက ခရမ်းမြို့မရဲစခန်း၊ လျှပ်စစ်ရုံးနဲ့ သစ်တောဂိတ်တို့ကို ခရမ်း PDF က ဗုံးသီးလောင်ချာနဲ့ပစ်ခတ်တိုက်ခိုက်ပြီးနောက် ခရမ်းမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်ဟာ ယောက်ယက်ခတ်နေသလို စစ်ဆေးမှုတွေလည်း တင်းကျပ်နေတယ်လို့ ခရမ်းမြို့နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
‘၁၈ ရက်နေ့ မတိုင်ခင်ကလည်း ခရမ်းထွေအုပ်ရုံး လောင်ချာနဲ့ အပစ်ခံရတယ်။ အဲဒီကတည်းက စစ်ခွေးတွေ ဆောက်တည်ရာမရ ဖြစ်နေတာ။ အခု ရဲစခန်းကိုပါ လောင်ချာနဲ့ ထပ်အထုခံရတော့ သွေးရူးသွေးတန်းဖြစ်ကုန်ပြီ။ PDF တွေကို သူတို့မရှာရဲတော့ မြို့ပေါ်မှာ ဟောက်စားလုပ်နေတာ။ မြို့အဝင်အထွက်တွေကိုလည်း ပိတ်ချင်သလိုပိတ်နေတယ်’ လို့ သူကပြောပါတယ်။
ခရမ်း မြို့အဝင်အထွက် လမ်းအားလုံးကို အကြမ်းဖက်စစ်တပ်က ယမန်နေ့နေ့လည် ၁၂ နာရီမှာ ပြန်လည်ပိတ်ဆို့လိုက်ပြီးယောကျာ်းလေး ဆိုင်ကယ်နှစ်ယောက်မစီးရ၊ နှစ်ယောက်စီးရင် ဖမ်းမယ်လို့ ထပ်မံသတ်မှတ်လိုက်ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။
ခရမ်းမြို့ကို ပိတ်ဆို့ထားရင် အခုထက် ပိုပြင်းထန်စွာ တိုက်ခိုက်ခံရမယ်လို့ ခရမ်း PDF က ခရမ်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို သတိပေးထားပါတယ်။
ပုံစာ-မတ် ၁၉ ရက်နေ့မှာ ခရမ်းမြို့ အဝင်အထွက် ပိတ်လိုက်လို့ ကားတွေပိတ်နေပုံ