မူတြော်ခရိုင်က ဒေါက်တာထီသံပြာကောလိပ်ကျောင်းမှာ ကျောင်းသား/သူ၇ဦးကို ဘွဲ့ချီးမြှင့်

photo-KNU-Mutraw News
ကေအဲန်ယူအုပ်ချုပ်တဲ့ ကော်သူလေး မူတြော်ခရိုင်ရှိ Dr. T Thanbyar Christian Institute (TCI) ခေါ် ဒေါက်တာထီသံပြာကောလိပ်ကျောင်းမှာ ကျောင်းသား/သူ ၇ ဦး ကွန်ပျူတာဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့တယ်လို့ သိရပါတယ်။
ဘွဲ့ရရှိတဲ့ ကျောင်းသား/သူတွေဟာ တောင်ငူ၊ မြိတ်၊ထား၀ယ်၊ ညောင်လေးပင်နဲ့ ဒုက္ခသည်စခန်းတချို့ကနေ လာရောက်သင်ယူကြသူတွေဖြစ်ကြောင်း KNU-Mutraw News က ဒီကနေ့ ထုတ်ပြန်ပါတယ်။
၂၀၁၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ TCI ကျောင်းဟာ ကော်သူလေးမှာ ၄ နှစ်တာ စာသင်ကြားပြီး ဘွဲ့ပေးတဲ့ ပထမဦးဆုံး ပုဂ္ဂလိက ကောလိပ်ကျောင်းဖြစ်ပြီး TCI မှာ ပညာသင်ယူနေတဲ့ ကျောင်းသူ/သားအများစုဟာ စစ်ဘေးကြောင့် အိုးအိမ်စွန့်ထွက်ပြေး လာခဲ့ရတဲ့ Internally Displaced People (IDPs) မိသားစုဝင်တွေနဲ့တနိုင်တပိုင် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သူ ကျေးလက်မိသားစုဝင်တွေ ဖြစ်ပါတယ်။
လက်ရှိမှာ ဘွဲ့ရ ၇ ဦး အပါအဝင် ကျောင်းသား/သူ ၇၂ ဦးဟာ ကွန်ပျူတာ၊ စီးပွားရေးနဲ့ အင်္ဂလိပ်စာဘာသာရပ်တွေ ကို အထူးပြု သင်ယူနေကြတယ်လို့ သိရပါတယ်။
၅ ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို မတ်လ ၅ ရက်နေ့မှာ ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံ Payap တက္ကသိုလ်ပါမောက္ခဟောင်း Dr. Soomboon Panyakom၊ KNLA တပ်မဟာမှူး စောမူဟဲ၊ ကေအဲန်ယူတရားသူကြီးချုပ် နော်မြိုင်ဖိုး၊ ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူးဟောင်း နော်စီပိုးရာစိန် အပါအဝင် စုစုပေါင်း လူ ၁၄၀ ကျော် တက်ရောက်ခဲ့ပါတယ်။