အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ချီးမြှင့်တဲ့ ၂၀၂၂ ခုနှစ်အတွက် International Women of Courage Award ဆုကို အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ ဒုဝန်ကြီး ဒေါ်အိသဥ္ဇာမောင် ရရှိခဲ့ပါတယ်။
ဒေါ်အိသဥ္ဇာမောင်ဟာ အမျိုးသား ညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက နှစ်စဉ်ဆုချီးမြှင့်တဲ့ International Women of Courage Award(IWOC) ဆုအတွက် ထုတ်ပြန်တဲ့ ဆုရရှိသူ ၁၂ ဦးထဲမှာ ပါဝင်တာပါ။
၂၀၂၂ ခုနှစ်အတွက် ဆုပေးတဲ့စာရင်းမှာ ဒေါ်အိသဉ္စာမောင်နဲ့အတူ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ ကိုလံဘီယာ၊ အီရတ်၊ လိုက်ဘေးရီးယား၊ လစ်ဗျား၊ မော်ဒိုဗာ၊ နီပေါ၊ ရိုမေးနီးယား၊ တောင်အာဖရိကနဲ့ ဗီယက်နမ် နိုင်ငံတို့က အမျိုးသမီးတွေပါဝင်ပြီးမတ် ၁၄ ရက်မှာ အမေရိကန် နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဂျေဘလင်ကင်က အွန်လိုင်းကနေ ဆုချီးမြှင့်မှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေး၊ ကျားမတန်းတူညီရေးတွေမှာ ကိုယ်ကျိုးမဖက်ဘဲ အနစ်နာခံလုပ်ဆောင်ခဲ့ကြတဲ့ အမျိုးသမီးတွေကို၂၀၀၇ ခုနှစ်ကစလို့ IWOC ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၈၀ ကျော်က အမျိုးသမီးပေါင်း ၁၇၀ ကို ဆုချီးမြှင့်ခဲ့ပြီးဖြစ်ပါတယ်။
ဒီဆုကို အမျိုးသားညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ၂၀၁၂ ခုနှစ်မှာ ရရှိထားပါတယ်။