KNU ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ ၆ အတွင်း ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်တွေ ၃ ရက်အတွင်း ပြန်လည်ဆုတ်ခွာသွားဖို့အတွက် KNU ဒူးပလာယာခရိုင်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို မတ်လ ၇ ရက်နေ့မှာ အသိပေးအကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။
၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က စတင်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေါနအရှေ့ခြမ်းရှိ လေးကေ့ကော်မြို့သစ် အပါအဝင် ပတ်ဝန်းကျင်ကျေးရွာတွေမှာရှိတဲ့ ပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ပြည်သူတွေ နေရပ်ပြန်လည်နေထိုင်နေနိုင်ရေးအတွက် လေးကေ့ကော်ဒေသနဲ့ ကော့ကရိတ်တောင်ပိုင်း ဒေသတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်တွေအနေနဲ့ မတ်လ ၇ ရက်နေ့က စတင်ပြီး ၃ ရက်အတွင်း ပြန်လည်ဆုတ်ခွာဖို့ KNU က သတိပေးလိုက်တာပါ။
၃ ရက်အတွင်း တပ်တွေပြန်လည် မဆုတ်ခွာပါက နောက်ပိုင်းအကျိုးဆက်တွေအပေါ် ဒူးပလာယာခရိုင် အမှတ် (၆) တပ်မဟာ အနေနဲ့ တာဝန်ယူမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာ ပြည်သူတွေရဲ့ ပိုင်မှုပစ္စည်းတွေကို လုယက်သိမ်းယူတာ၊ ဖျက်ဆီးတာတွေကို လုပ်ဆောင်နေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာ နေရပ်ပြန်နိုင်ခြင်း မရှိခဲ့ပါဘူး။