တစ်လအတွင်းမှာ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲတွေမှာ စစ်အုပ်စုက ၃၀၅ဦးသေ

KNU ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ဖေဖော်ဝါရီလ တစ်လအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDOတို့အကြား တိုက်ပွဲပေါင်း ၂၉၈ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုနဲ့BDFဘက်က ၃၀၅ဦးသေဆုံးကာ ၂၀၉ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNUဗဟိုက ဒီကနေ့ မတ်လ ၆ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
KNLAနဲ့KNDOတို့ဘက်က တပ်ဖွဲ့ဝင် ၆ဦး ကျဆုံးခဲ့ရပြီး ၂၃ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။တိုက်ပွဲတွေအတွင်းမှာ စစ်အုပ်စုရဲ့ စစ်ကား ၃၅စီးပါ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တစ်လတာအတွင်းမှာ စစ်အုပ်စုက ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေကို လက်နက်ကြီး အလုံး၄၀၀ကျော်ထိ ပစ်ချခဲ့ကာ မူတြော်ခရိုင် တပ်မဟာ၅ ထိန်းချုပ်နယ်မြေအတွင်းကို လေယာဉ်နဲ့ ၂ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ပြည်သူ ၇ဦး အသက်ဆုံးပါးခဲ့ရပြီး ၂၆ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။