ကလေးပြည်သူ့ရဲတပ်ဖွဲ့က တစ်လအတွင်း မူးယစ်ဆေးဝါးမှု ၂၅ မှုနဲ့ သက်ငယ်မုဒိန်းတစ်မှု ဖော်ထုတ်ခဲ့တယ်လို့ ထုတ်ပြန်

စစ်ကိုင်းတိုင်း ကလေးမြို့မှာ CDM ရဲတပ်ဖွဲ့ဝင်တွေနဲ့ စုစည်းဖွဲ့စည်းထားတဲ့ ကလေးပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ ဖေဖေါ်ဝါရီလ တစ်လအတွင်းမှာ မူးယစ်ဆေးဝါးဖမ်းရရှိမှု ၂၅ မှုနဲ့ သက်ငယ်မုဒိန်းမှု ၁ မှုတို့ကို စုံစမ်းဖော်ထုတ်နိုင်ခဲ့တယ်လို့ ဒီကနေ့ မတ်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးမှုတွေထဲမှာ သုံးစွဲသူ ကျား ၂၂ ဦးကို လုံလောက်တဲ့ ခံဝန်တွေ ပေးထားပြီး ရောင်းချသူ တရားခံ ကျား ၃ ဦးကိုတော့ ထိရောက်တဲ့ ပြစ်ဒဏ်ရရှိဖို့အတွက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကျေးရွာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နိုင်စေဖို့ကိုလည်း ကျေးရွာ ၃၁ ရွာကို ကွင်းဆင်းပြီး ဝန်ဆောင်မှုပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ်ချမှတ်ပြီး ချုပ်နှောင်ထားနိုင်ဖို့ အကျဉ်းထောင်တစ်ခုကိုလည်း ဆောက်လုပ်နေတယ်လို့ ဆိုပါတယ်။
ကလေးမြို့ ပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ မြို့နယ်အတွင်း နယ်မြေထိန်းချုပ်ထားနိုင်တဲ့ ကျေးရွာတွေမှာ အေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။