၂ လအတွင်း အကြမ်းဖက်စစ်တပ် မီးရှို့လို့ပျက်စီးခဲ့တဲ့ လူနေအိမ် ၄၀၀၀ နီးပါးရှိ

၂၀၂၂ ခုနှစ် ၂ လတာအတွင်း အကြမ်းဖက်စစ်တပ် မီးရှို့လို့ပျက်စီးခဲ့တဲ့ လူနေအိမ် ၄၀၀၀ နီးပါးရှိကြောင်း Data For Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၂ ခုနှစ်ဖေဖေါ်ဝါရီမှာ မီးရှို့လို့ပျက်စီးခဲ့တဲ့အိမ်၂၈၈၂ လုံးရှိပြီး ဇန်နဝါရီလမှာ ၁၀၅၉ လုံး နှစ်လတာစုစုပေါင်း ၃၉၄၁ လုံး ရှိပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ မတ်လ (၁) ရက်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်း ၆,၁၅၈ လုံးရှိပြီး အဲဒီ ဖြစ်စဉ်တွေဟာ နေရာပေါင်း (၁၆၅) နေရာလောက်မှ ာဖြစ်ပွားခဲ့တယ်လို့ Data For Myanmar က ဆိုပါတယ်။
လအလိုက် မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်အရေအတွက်ကိုကြည့်ပါက ၂၀၂၁ ခုနှစ်အတွင်း ဒီဇင်ဘာလဟာ မီးရှို့ပျက်စီး အိမ် အလုံး ၉၆၀ နဲ့ အများဆုံးဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီမှာ မီးရှို့ခံရတဲ့အိမ် ၂၈၈၂ လုံးနဲ့ သိသာစွာမြင့် တက်ခဲ့တာတွေ့ရပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ မတ်လ (၁) ရက်အတွင်း စစ်ကိုင်းတိုင်းမှာ အိမ် ၃၆၈၉ လုံးမီးရှို့ဖျက်ဆီးခံရပြီး တစ်နိုင်ငံလုံးမှာ အများဆုံးမီးရှို့ခံရတာပါ၊ချင်းပြည်နယ်က ၁၁၀၅ လုံးနဲ့ ဒုတိယ၊ မကွေးတိုင်းက ၈၈၅ လုံးနဲ့ တတိယနဲ့ ကယားပြည်နယ်က ၃၁၁ လုံးနဲ့ စတုတ္ထအများဆုံးဖြစ်ကြောင်း Data For Myanmarရဲ့ စာရင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ယင်းမာပင်နဲ့ ဂန့်ဂေါမြို့နယ်က နေအိမ်မီးရှို့ခံရတဲ့ဖြစ်စဉ်တွေက ဆက်သွယ်ရေးခက်ခဲတာနဲ့ တိုက်ပွဲတွေဆက်ဖြစ်နေလို့ စာရင်းမငြိမ်သေးဘူးလို့ ဆိုပါတယ်။
မပြည့်စုံတဲ့ အချက်အလက်တွေ ချန်ထားခဲ့ရလို့ မြေပြင်မှာ မီးရှို့ခံရတဲ့အရေအတွက်က ပိုများနိုင်တယ်လို့လည်း Data For Myanmar က ဆိုပါတယ်။