သံဖိုကျေးရွာအနီးမှာ စစ်အုပ်စုက မီးရှို့ခဲ့တဲ့ အရိုးစု ၃ စုတွေ့

Photo- CDF-KKG
စစ်ကိုင်းတိုင်း ကလေးမြို့နယ် သံဖိုကျေးရွာအနီး တောင်ယာတဲတစ်ခုအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်ပြီးနောက် မီးရှို့ခဲ့တဲ့ အရိုးစု၃စုကို တွေ့ရှိရတယ်လို့ CDF-KKGက သတင်းထုတ်ပြန်လာပါတယ်။
တွေ့ရှိရတဲ့ ရုပ်အလောင်းတွေဟာ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့က ချောင်းခွကျေးရွာမှာ စစ်အုပ်စုက ဖမ်းဆီးသွားတဲ့ သားအမိ ၃ ဦးရဲ့ အရိုးစုတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
ဒေသခံပြည်သူတွေနဲ့ မျက်မြင်သက်သေအချို့ရဲ့ ပြောကြားချက်တွေအရ သံဖိုကျေးရွာ အရှေ့ဘက် ယာတောအတွင်းမှာ တဲအိမ်တစ်ခုမှာ သေနတ်သံ ၃ ချက်ကြားပြီးနောက် နေအိမ်မီးလောင်တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒါဟာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတဲ့ သားအမိ၃ဦးကို စစ်အုပ်စုက သေနတ်နဲ့ ပစ်ခတ်ပြီးနောက် တဲအိမ်နဲ့အတူတူပါ မီးရှို့ခဲ့တာဖြစ်နိုင်တယ်လို့ CDF-KKGရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ခဲ့ပါတယ်။