မြန်မာအကြမ်းဖက်စစ်အုပ်စုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အခိုင်အမာ အရေးယူဆောင်ရွက်ဖို့ကုလဆိုင်ရာအမေရိကန်သံအမတ်ကြီးက တိုက်တွန်းထားတယ်လို့သိရပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ဟာ ဒေသစံတော်ချိန်ဖေဖေါ်ဝါရီလ ၃ ရက် ညနေက မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ ဆိုင်ရာအမေရိကန်ကိုယ်စားလှယ်အဖွဲ့ရုံး ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်ရာမှာ အဲဒီ လိုဖော်ပြထားပါတယ်။
မြန်မာပြည်သူတွေအတွက် အမေရိကန်ဘက်က မရပ်မနားဆောင်ရွက်ဖို့ ကတိပြုထားတာတွေနဲ့ မြန်မာနိုင်ငံဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းဖို့ လုပ်ဆောင်နေမှုတွေကို သံအမတ်ကြီး ၂ ဦး ဆွေးနွေးခဲ့ကြတယ်လို့ လည်းဆိုပါတယ်။
မြန်မာပြည်သူတွေရဲ့ အခက်အခဲတွေ အဆုံးသတ်ဖို့၊ လက်နက်တင်ပို့မှုတွေ ရပ်ဆိုင်းဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ဖို့နဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီထက်ပိုလုပ်ဆောင်ဖို့ အမေရိကန်သံအမတ်ကြီးက တိုက်တွန်းပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ နဲ့လည်း ဇန်နဝါရီလ ၁၀ ရက်နေ့က အွန်လိုင်းကနေတွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ပါသေးတယ်။