အာဏာသိမ်းဖို့ အကူအညီပေးခဲ့တဲ့သူတွေဟာ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းကို ပျက်စီးအောင် လုပ်တဲ့သူတွေ ဖြစ်တာကြောင့် အမေရိကန်က အနီးကပ်စောင့်ကြည့်နေပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လုပ်နေဦးမယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနအတိုင်ပင်ခံ Derek Chollet ကပြောပါတယ်။
Derek Cholletက ဝါရှင်တန်ဒီစီမှာ ယမန်နေ့က အွန်လိုင်းကကျင်းပတဲ့ မဟာဗျူဟာဆိုင်ရာ နိုင်ငံတကာလေ့လာရေးအဖွဲ့ရဲ့ စကားဝိုင်းမှာ အဲဒီလိုပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။
Derek Chollet က စစ်အာဏာသိမ်းမှုနောက်ကွယ်ကလူတွေကိုလည်း မြန်မာ့ဒီမိုကရေစီလမ်းကြောင်းကို ပျက်စီးအောင် လုပ်တဲ့သူတွေလို့ ညွှန်းဆိုပါတယ်။

စစ်အာဏာရှင်ကို ပံ့ပိုးကူညီသူအဖြစ် ထင်ရှားကျော်ကြားတဲ့ စီးပွားရေးသမားတေဇနဲ့သူ့ရဲ့ သားတွေဖြစ်တဲ့ ထူးထက်တေဇ၊ ပြည့်ဖြိုးတေဇ၊ စီးပွားရေးသမား ဂျော်နသန်မျိုးကျော်သောင်း နဲ့ သူ့ရဲ့ KT Services and Logistics (KTSL) ကုမ္ပဏီ တို့ကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့အရေးယူတဲ့ အပြင်အကြမ်းဖက်စစ်အုပ်စုခန့် ပြည်ထောင်စုတရားသူကြီးချုပ် ထွန်းထွန်းဦး၊ ပြည်ထောင်စုရှေ့နေချုပ် သီတာဦးနဲ့အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌတင်ဦးတို့ဟာလည်းသူတို့ရဲ့ရာထူးကိုအသုံးပြုကာ နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေးယုတ်လျော့စေဖို့နဲ့ မြန်မာ့ဒီမိုကရေစီအဖွဲ့အစည်းတွေ ချိနဲ့ဆုတ်ယုတ်စေဖို့စစ်အာဏာရှင်အတွက် ဆောင်ရွက်ပေးခဲ့ကြတဲ့အတွက် ဒဏ်ခတ်ပိတ်ဆို့အရေးယူမယ်လို့ ဖေဖေါ်ဝါရီ၁ရက်နေ့မှာ အမေရိကန်အစိုးရကထုတ်ပြန်ပါတယ်။
အမေရိကန်ဟာ NUG အစိုးရအပါအဝင် အတိုက်အခံအဖွဲ့အစည်းတွေနဲ့လည်း ပုံမှန်ဆက်သွယ်မှုတွေ ရှိတယ်လို့လည်း သူကဆိုပါတယ်။