Harry Winstonကုမ္ပဏီက  မြန်မာ့ကျောက်မျက်တင်သွင်းမှုကို ရပ်တန့်

၁၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။

နယူးယောက်အခြေစိုက် လက်ဝတ်ရတနာရောင်းဝယ်တဲ့ ကုမ္ပဏီကြီး Harry Winston က မြန်မာ့ကျောက်မျက်ရတနာတွေ တင်သွင်းနေတာကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း Justice For Myanmar က ဒီကနေ့ ထုတ်ပြန်ပါတယ်။

လက်မှတ်ပေါင်း ၂၅,၀၀၀ ကျော်ပါဝင်တဲ့ လက်မှတ်ရေးထိုးတောင်းဆိုမှုတစ်ရပ် အပါအဝင် International Campaign for the Rohingya နဲ့ NO Business with Genocide တို့က ဦးဆောင် ပြုလုပ်တဲ့ လူထုလုပ်ရှား တောင်းဆိုမှုတွေအပြီးမှာ  Harry Winston ကုမ္ပဏီက အခုလို ဆုံးဖြတ်လိုက်တာပါ။

ဒါဟာ မြန်မာအကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ ငွေကြေးထောက်ပံ့ခြင်းနဲ့  ကြံရာပါပတ်သတ်နေတဲ့ အနေအထားတစ်ခုကနေ လွတ်လွတ်ကင်းကင်းနဲ့ ရပ်တည်ပြလိုက်ပြီလို့ ဆိုပါတယ်။

ကျန်ရှိနေသေးတဲ့ မြန်မာ့ကျောက်မျက်ရောင်းချသူတွေ၊ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့လည်း လူအခွင့်အရေးဆိုင်ရာ တာဝန်တွေနဲ့အညီ လေးစား လိုက်နာဆောင်ရွက်ရမှာဖြစ်ပြီး မြန်မာ့ကျောက်မျက်တွေ ရောင်းချခြင်းကို ရပ်တန့်ရပါမယ်လို့လည်း Justice For Myanmar ကထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ပတ္တမြားနှင့် ကျောက်စိမ်း ၉၀ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်နေပြီး အဲဒီကျောက်မျက်ရတနာတွေဟာ နိုင်ငံတကာဈေးကွက်မှာ ဈေးအမြင့်ဆုံးဖြစ်တယ်လို့ The Action Network က ဆိုပါတယ်။

မြန်မာ့ကျောက်မျက်လုပ်ငန်းကို အာဏာသိမ်း စစ်တပ်က ကြီးစိုးထားတာကြောင့် ကျောက်မျက်ရတနာ ထုတ်ယူတာနဲ့  ကုန်သွယ်မှုလုပ်ငန်းတွေကနေ သူတို့ဟာ  အမြန်အစွန်းတွေ အမြောက်အများ ရရှိနေတာ ဖြစ်ပါတယ်။