အကြမ်းဖက်စစ်တပ်နဲ့ဆက်နွှယ်နေတဲ့ အဖွဲ့အစည်း၄ခုကို ထပ်တိုးပိတ်ဆို့မှုအသစ် ယူကေအစိုးရ ချမှတ်

၁၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။

လူ့အခွင့်အရေးချိုးဖောက်မှုနဲ့အလွဲသုံးစားပြုမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ မြန်မာစစ်တပ်ပိုင်အဖွဲ့အစည်းတွေကို ယူကေအစိုးရက ထပ်တိုးအရေးယူပိတ်ဆို့မှုအသစ်တွေ ချမှတ် လိုက်တယ်လို့ ဗြိတိသျှသံရုံး(ရန်ကုန်)ကထုတ်ပြန်ပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ပြည်သူတွေအပေါ် ပြင်းထန်ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် စစ်တပ်နဲ့ဆက်နွှယ်နေတဲ့ အဖွဲ့အစည်းလေးခုကို အရေးယူပိတ်ဆို့မှုအသစ်အဖြစ် အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့နဲ့အတူ ယူကေအစိုးရက ပူးတွဲထုတ်ပြန်လိုက် တယ်လို့ထုတ်ပြန်ပါတယ်။

အရေးယူပိတ်ဆို့ခံရတဲ့ အဖွဲ့အစည်းတွေက စစ်ထောက်ချုပ်ရုံး၊ နိုင်ငံပိုင်လုပ်ငန်းဖြစ်တဲ့ကာကွယ်ရေးပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံး၊ကာကွယ်ရေးပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးနဲ့မြန်မာစစ်တပ်ရဲ့ အရန်အင်အားတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ တို့ဖြစ်ပါ တယ်။

အဲဒီအဖွဲ့အစည်းတွေဟာ မြန်မာစစ်တပ် ထောက်ပံ့ရေးကွင်းဆက်ရဲ့ အဓိကကျတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပြည်သူအပေါ် ဆက်လက်ဖိနှိပ်နေမှုကို ပံ့ပိုးပေးနေသလိုဖြစ်စေတယ်လို့ဆိုပါတယ်။

မြန်မာစစ်အာဏာရှင်ဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီ ဆန္ဒကို ချိူးဖျက်တာ၊ နိုင်ငံရေးအကျဉ်းသားတွေကိုမတရားဖမ်းဆီးတာတွေနဲ့ သူတို့နဲ့ထိပ်တိုက်ရင်ဆိုင်လာသူတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်နေတာတွေဆက်ရှိနေတယ်လို့လည်း ထုတ်ပြန်ပါတယ်။

‘ယူကေအစိုးရနဲ့ မိတ်ဖက်နိုင်ငံတွေက ဒီဖြစ်ရပ်တွေကို မျက်ကွယ်ပြုထားမှာမဟုတ်ပါ။ ဒီလိုမျိုး အလွန်ဆိုးရွားပြင်းထန်တဲ့ လုပ်ရပ်တွေကို ပံ့ပိုးပေးတဲ့ အရင်းအမြစ်တွေဆီ စစ်တပ်က လက်လှမ်းမီမရောက်ရှိနိုင်စေဖို့ ကျွန်မတို့ အတတ်နိုင်ဆုံး ချမှတ်လုပ်ဆောင်သွားမှာဖြစ်ပြီး တာ၀န်ရှိသူတွေကိုလည်း အရေးယူဒဏ်ခတ်မှုတွေ ဆောင်ရွက်သွားမှာပါ။” ဟု အာရှရေးရာ ယူကေ၀န်ကြီး Amanda Milling က ပြောပါတယ်။