ဓာတ်ပုံ – AFP
၂၄၊ နိုဝင်ဘာ၊ ၂၀၂၁။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က အခုကနေ လာမယ့်နှစ် မတ်လအထိ ကိုဗစ်ကြောင့် သေဆုံးသူ အများအပြားထပ်တိုးလာမှာဖြစ်လို့ သတိပေးချက်တွေ ထပ်မံထုတ်ပြန်လိုက်ပါတယ်။
WHO က နိုင်ငံတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို တိုးမြှင့်သုံးစွဲဖို့လည်း သတိပေးပြီး ဗိုင်းရပ်စ် စတင်ချိန်က လူအများပြုလုပ်ခဲ့ကြတဲ့ စည်းကမ်းချက်တွေနဲ့ မဖြစ်မနေပြုလုပ်ရမယ့် ကျန်းမာရေး အသိတွေကို အသေအချာပြုလုပ်ဖို့ မှာကြားခဲ့တာပါ။
ဗိုင်းရပ်စ်ကာကွယ်ရေးမှာ အခြေခံလုပ်ဆောင်ချက်တွေဖြစ်တဲ့ နှာခေါင်းနဲ့ ပါးစပ်အကာ (Mask) တွေ ဝတ်ဆင်တာ၊ လက်ဆေးတာတွေ၊ ခပ်ခွာခွာနေတာတွေနဲ့ လေဝင်လေထွက်ကောင်းတဲ့ ပတ်ဝန်းကျင်ကို ပုံဖော်ပြုလုပ် နေထိုင်တာတွေကို ပြုလုပ်ဖို့ အသိပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့အင်္ဂါနေ့က ထုတ်ပြန်အသိပေးတဲ့ သတိပေးချက်မှာ အခုကနေ လာမယ့် မတ်လအထိကို ကာဆေးတွေထိထိရောက်ရောက် မထိုးတာတွေနဲ့ ကျန်းမာရေးအသိနဲ့ မနေထိုင်ခဲ့ရင် သေဆုံးသူ ခုနှစ်သိန်းအထိ များပြားလာမှာဖြစ်တယ်လို့ ခန့်မှန်းခဲ့တာပါ။
အစောပိုင်းမှာ WHO က အဲ့ဒီအပိုင်းအခြားမှာ သေဆုံးသူ ငါးသိန်းလောက် ရှိလာမှာဖြစ်တယ်လို့ ခန့်မှန်းခဲ့ပေမယ့် အခုတစ်ခေါက် ထုတ်ပြန်မှုမှာ နှစ်သိန်းအထိ ပိုမိုများပြားလာခဲ့တာပဲဖြစ်ပါတယ်။
WHO က ထုတ်ပြန်ထားတဲ့ ကိုဗစ်နဲ့ ပတ်သက်တဲ့ ကိန်းဂဏန်း အချက်အလက်များအရ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ကိုဗစ်ကြောင့် လူဦးရေ ၄၂ဝဝ နီးပါးသေဆုံးခဲ့လို့ ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်အထိ နေ့စဉ်သေဆုံးအရေအတွက်ထက် ၂ ဆပိုများနေတာဖြစ်တယ်လို့ Aljazeera သတင်းဌာနက ဖော်ပြခဲ့တာပါ။