၁၁၊ နိုဝင်ဘာလ၊ ၂၀၂၁။
အမေရိကန် ပြည်ထောင်စုနဲ့ ကုလသမဂ္ဂတို့ ဝေဖန်ကန့်ကွက်မှုတွေ ပြုလုပ်နေတဲ့ကြားကပဲ အီသီယိုးပီးယားအစိုးဟာ ကုလရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်တွေမှာ ကူညီပို့ဆောင်ပေးနေတဲ့ ယာဉ်မောင်း ၇၂ ဦးကို ထပ်မံဖမ်းဆီးလိုက်ပါတယ်။
Aljazeera သတင်းဌာနရဲ့ ဖော်ပြချက်အရ လက်ရှိဖမ်းဆီးခံရတဲ့ ယာဉ်မောင်း ၇၂ ဦးကို ဖမ်းဆီးခဲ့တာဟာလည်း အကြောင်းပြချက်မရှိသလို အီသီယိုးပီးယားအစိုးရဘက်က ဖြေရှင်းတာတွေလည်း မရှိသေးဘူးလို့ဆိုပါတယ်။
ဒီမတိုင်ခင်မှာ ကုလဝန်ထမ်း ၂၂ ဦးကို အီသီယိုးပီးယား အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် ၆ ဦးပြန်လွှတ်ပေးပြီး ၁၆ ဦးကိုတော့ လက်ရှိအချိန်အထိ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပါတယ်။
အဖမ်းခံထားရတဲ့ ယာဉ်မောင်းတွေဟာ တိုက်ဂရေးဒေသအတွက် ကူညီရေးတွေ လုပ်ဆောင်ဖို့ လာရောက်ခဲ့တဲ့ သူတွေဖြစ်ပါတယ်။ ဒါပေမယ့် အီသီယိုးပီးယားနိုင်ငံတွင်းမှာ အစိုးရနဲ့ တိုက်ဂရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခတွေဟာ မြင့်သထက်မြင့်တက်လာခဲ့လို့ အခုလို ဖမ်းဆီးခံရမှုတွေဟာလည်း ခပ်စိပ်စိပ်ဖြစ်လာခဲ့တာပါ။
ကမ္ဘာ့ကုလသမဂ္ဂဘက်ကတော့ အီသီယိုးပီးယားအစိုးရဘက်ကို ချိတ်ဆက်ပြီး ဝန်ထမ်းတွေ ပြန်လည် လွတ်မြောက်ဖို့ အစွမ်းကုန်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
သတင်းဌာနတချို့ကတော့ အခုလို ကုလဝန်ထမ်းတွေကို ဖမ်းဆီးခဲ့တာဟာ အီသီယိုးပီးယားအစိုးရကို ဆန့်ကျင်တဲ့အဖွဲ့တွေကို ထောက်ပံ့ပေးနေတယ်ဆိုတဲ့ ယူဆချက်နဲ့ ဖမ်းဆီးနေတာဖြစ်တယ်လို့ ဖော်ပြပါတယ်။