သတင်းဒိုင်ဂျက် (အောက်တိုဘာ၂၄-၃၀)

၃၁၊ အောက်တိုဘာလ၊ ၂၀၂၁။

အောက်တိုဘာနောက်ဆုံးပတ်ရဲ့ ပထမစာမျက်နှာကို ကောက်လှန်လိုက်တယ်ဆိုရင်ပဲ ဖြုံလောက်ဖွယ် ဗုံးကွဲသံတွေဟာ လူမှုကွန်ရက်ကိုတောင် တုန်ခါစေပါတယ်။ ဗုံးပေါက်ကွဲတာက အောက်တိုဘာ၂၄ ကို ခုန်ကူးခါနီးမို့ မနက်ရောက်မှ သိရှိပြီး ဒီမနက်မှာ လှုပ်ခတ်နေတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မြို့နယ်ရုံးအဆင့်ပေါက်ကွဲတယ်ဆိုပေမဲ့ မွန်ပြည်နယ်အတွင်း သထုံ၊ ဘီးလင်းနဲ့ ကျိုက်ထို ဆက်တိုက်ဆိုသလို ပေါက်ကွဲခဲ့လေတော့ ပြည်နယ်အဆင့်ကိုကျော်လွန်လှုပ်ခတ်ခဲ့တာပါ ။သထုံရုံးကတော့ သထုံတစ်မြို့လုံးခါထွက်သွားတဲ့အထိ အင်အားပြင်းထန်၊ဘီးလင်းရုံးက RPG နဲ့အထုခံရ လို့ စုတ်ပြတ်၊ကျိုက်ထိုရုံးသာသိပ်အထိမနာတာပါ။

ဒါပေမဲ့၊၂၄ရက်နေ့ကို ကျနေထိုးလာချိန်ရောက်တော့ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးသံတမန် အီရာဝမ်ယူဆွတ်ရဲ့ အာဆီယံထိပ်သီးအစည်းအဝေးတင်မယ့်အစီရင်ခံစာမှာ သူ့ကို NUG အစိုးရနဲ့ မဆက်ဆံ ဖို့ အကြမ်းဖက်စစ်အုပ်စုကသတိပေးခဲ့တယ်တဲ့။ဂျပန် NHK သတင်းဌာနကအဲဒီလိုဖော်ပြလိုက်တဲ့အ ချိန်မှာ ဗုံးပေါက်ကွဲမှုမှန်သမျှ ငုတ်လျှိုးသွားပါတော့တယ်။

အောက်ဆိုဘာ၂၅ရက်နေ့ဆိုတာက ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ ၆၁နှစ်ပြည့်လို့ KIO ဥက္ကဌ ဗိုလ် ချုပ်ကြီးအင်ဘန်လရဲ့ အထိမ်းအမှတ်နေ့မိန့်ခွန်းနဲ့အတူသိလိုက်ရပါတယ်။အဲဒီမိန့်ခွန်းထဲက အာဏာရှင်ကို ဆန့်ကျင်တဲ့ ဘယ်အဖွဲ့နဲ့မဆို လက်တွဲသွားမယ်ဆိုတဲ့ ရဲရဲတောက်မှုဟာ လိုင်ဇာကနေ မြန်မာတစ်ဝန်းအထိ ရိုက်ခတ်ခဲ့ပါတယ်။

အဲဒီနောက် အင်အားသုံးဖမ်းဆီးခံရလို့ ဦးခေါင်းမှာဒဏ်ရာပြင်းထန်စွာရခဲ့တဲ့ ၈၈မျိုဆက်ကျောင်း သားခေါင်းဆောင်ကိုဂျင်မီနဲ့ပတ်သက်ပြီး အလွန်အမင်းစိုးရိမ်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံရုံးကထုတ်ပြန်ခဲ့ပြီးနောက် ဗြိတိန်သံရုံးကလည်း ထုတ်ပြန်ခဲ့ပါတယ်။ဘယ်သူဘာပြောပြော အဖက်မလုပ် ဘူးဆိုတဲ့ စစ်အုပ်စုကတော့ ခေါင်းထဲရောက်မယ့်ပုံမပေါ်ပါဘူး။

ပြီးတော့ အာဆီယံရိုက်ချက်မှာ မရူးရုံတမယ်ဖြစ်နေတာကလည်း တခြားဘယ်အရာကိုမှ အာရုံစိုက် နိုင်စွမ်းရှိပုံမရပါဘူး။အာဆီယံထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင်ကိုမဖိတ်တာသေချာသွားပြီးကတည်း က မဖိတ်လည်းတက်မှာပဲဆိုတာမျိုးကြေညာချက်ထုတ်တဲ့အထိ ချာချာလည်နေသလို အခုလည်းအာဆီယံက သူ့ဆုံးဖြတ်ချက်အတိုင်း နိုင်ငံရေးအရ ကိုယ်စားမပြုသူအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်  ဦးချမ်းအေးကို ဖိတ်လိုက်တော့ စစ်အုပ်စုဟာ မျက်စိစုံမှိတ်လို့ မင်းအောင်လှိုင်ဒါမှမဟုတ် ဝန်ကြီးတစ်ဦးဦးကို ဖိတ်မှတက်မယ်ဆိုပြီး ဇွတ်ပြောလာပြန်ပါတယ်။အဲဒါအပြင် ၂၅ရက်နေ့မှာပဲ နေပြည်တော်အပါမြို့ကြီးတ ချို့မှာ နေ့စားတွေစုခိုင်းပြီး မင်းအောင်လှိုင်ထောက်ခံရေး၊အာဆီယံအလိုမရှိ၊ကုလသမဂ္ဂအလိုမရှိအော်ခိုင်းတဲ့ အထိ ယောက်ယက်ခတ်ခဲ့တယ်။

ဒါပေမဲ့ အောက်တိုဘာ၂၆ရက်မှာ မင်းအောင်လှိုင်လည်းမပါ မြန်မာကိုယ်စားပြုမှုလည်းမပါတဲ့ အာဆီယံထိပ် သီး အစည်းအဝေးကိုစတင်ခဲ့တယ်။အစည်းအဝေးစတင်တဲ့ရက်မှာ တက်ရောက်လာကြတဲ့ အင်ဒိုနီးရှား ၊စင် ကာပူ၊ကမ္ဘောဒီးယား၊မလေးရှား၊ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံခေါင်းဆောင်တွေက မြန်မာစစ်အုပ်စုကို ခပ်ဆတ်ဆတ် ဝေဖန်ပြီး အာဆီယံမူ၅ချက်ကို လိုက်နာဖော်ဆောင်ဖို့ ပြောခဲ့ပါတယ်။

အမေရိကန်သမ္မတဘိုင်ဒန်ကတော့ အောက်တိုဘာ၂၆ရက်နေ့၊အမေရိကန်-အာဆီယံအစည်းအဝေး မှာရော ၂၇ရက်နေ့ကျင်းပတဲ့အရှေ့အာရှအစည်းအဝေးမှာပါ စစ်အုပ်စု ဒီမိုကရေစီလမ်းပေါ် ပြန်သွားဖို့ ၂ရက် ဆက်ပြောကြားပြီး အမေရိကန်ရဲ့အလေးထားမှုကိုဖော်ပြခဲ့သလို မြန်မာ့အကျပ်အတည်းဟာ ပြည်တွင်းရေး ထက်ကျော်လွန်သက်ရောက်နေစေတဲ့အကြောင်း ဖွင့်ဆိုချက်ကလည်း မြန်မာ့အရေး အာဆီယံကို ရှေ့ရဲရဲတိုး ဖို့တွန်းအားပေးလိုက်တယ်လို့နားလည်မိပါတယ်။

အောက်တိုဘာ၂၈ရက်နေ့၊အာဆီယံထိပ်သီးအစည်းအဝေးတွေပြီးတဲ့အချိန်မှာတော့ အာဆီယံအ လှည့်ကျဥက္ကဌရဲ့ထုတ်ပြန်ချက်မှာ ဖမ်းထားသူတွေကိုပြန်လွှတ်ဖို့နဲ့ အာဆီယံဘုံသဘောတူညီချက်၅ရပ်ကို လိုက်နာဖော်ဆောင်ဖို့ တောင်းဆိုလိုက်ပါတယ်။မြန်မာစစ်အုပ်စုကို ခပ်ပြတ်ပြတ်ပြောလာတဲ့ မလေးရှားနိုင် ငံ ခြားရေးဝန်ကြီးကလည်း မြန်မာအခြေအနေမတိုးတက်ရင် တခြားနည်းလမ်းရှာရလိမ့်မယ်လို့ သတိပေးလိုက် ပါတယ်။အာဆီယံအလှည့်ကျဥက္ကဌသစ် ကမ္ဘောဒီးယားရဲ့နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာစစ်အုပ်စုကို ဆက်ဖိအားပေးမယ်လို့ဆိုပါတယ်။

 ဒါပေမဲ့ အောက်တိုဘာ၂၉ရက်နေ့မှာ NLDနာယကဦးဝင်းထိန်ကို အလုံပိတ်ထားတဲ့စစ်အုပ်စုတရား ရုံးက ထောင်အနှစ်၂၀ချလိုက်တာ။ဒီအပတ်ထဲ မွန်၃မြို့က NLDရုံးတွေတင်မက မန္တလေးNLD တိုင်းရုံးနဲ့ပုသိမ် မြို့နယ်NLDရုံး ဖောက်ခွဲခံရတာ နဲ့ကျွန်းလှမြို့ NLD ပါတီရုံး မီးရှို့ခံရတာကိုကြည့်လိုက်ရင် စစ်အုပ်စုရဲ့ ထီမ ထင်အချိုးကို မြင်တွေ့ရပါတယ်။

 အဆိုးရွားဆုံးလုပ်ရပ်ကတော့ ၂၉ရက်နေ့မှာ ချင်းပြည်နယ်၊ထန်တလန်မြို့ကို လက်နက်ကြီးတွေနဲ့ ပစ်တာပါပဲ။ဘုရားရှိခိုးကျောင်းနှစ်ကျောင်းနဲ့ လူနေအိမ်၁၆၃လုံးမီးလောင်ကျွမ်းခဲ့တယ်။တစ်နိုင်ငံလုံးကပြည် သူတွေပူဆွေးခဲ့ရတယ်။

အောက်တိုဘာ၃၀ထိတိုင် ထန်တလန်ဟာ ပြည်သူတွေရင်ထဲ ရှိုက်ငင်နေဆဲပါပဲ။၃၀ရက်နေ့မှာဆက် တိုက်တက်လာသမျှသတင်းတိုင်းဟာ ထန်တလန်အကြောင်းတေွချည်းပါပဲ။ထန်တလန်ဖြစ်ရပ်ဟာ ချက်ချင်း ဆိုသလို ကုလစင်မြင့်ပေါ်ရောက်ခဲ့တယ်။သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ စစ်အုပ်စု ရဲ့ ထန်တလန်မြို့ယုတ်မာပက်စက်မှုကို ဖွင့်ချခဲ့ပြီး နိုင်ငံတကာကချက်ချင်းအရေးယူဖို့ တင်ပြခဲ့တယ်။NUG ဖက်ဒရယ်ဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်က မင်းအောင်လှိုင်ဟာ ချင်းပြည်နယ်မှာလူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်နေတယ်လို့ပြောခဲ့တယ်။စစ်အုပ်စုက ဘယ်သူမှမယုံမှန်းသိလျက် ထန်တလန်မီး လောင်တာ သူတို့နဲ့မဆိုင်ဘူးလို့ ဗြောင်လိမ်ပြန်တယ်။

ဒီတစ်ပတ်သတင်းတွေကိုပြန်ချုပ်ရမယ်ဆိုရင်တော့ နိုင်ငံတကာရောဒေသတွင်းဖိအားတွေ ပိုအား ကောင်းလာသလို  မင်းအောင်လှိုင်ကလည်း ပြည်သူတွေကိုပိုရက်စက်ကြမ်းကြုတ်ပြတဲ့နည်းနဲ့ ဘယ်လိုဖိအား ကိုမဆို ဂရုမစိုက်ဘူးလို့ အာခံပြနေဆဲပါ ပဲ။