ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ အကြမ်းဖက်စစ်အုပ်စုကို အမေရိကန်သမ္မတ တောင်းဆို

၂၇ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။

ဒီမိုကရေစီလမ်းကြောင်း‌ပေါ် ပြန်သွားဖို့ အမေရိကန်သမ္မတကြီးက မြန်မာအကြမ်းဖက်စစ်အုပ်စုကို တောင်းဆို လိုက်ပါတယ်။

မနေ့က အွန်လိုင်းကနေ ကျင်းပတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဂျိုးဇက် အာ ဘိုင်ဒင် ဂျူနီယာက တောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှု၊ ကြောက်မက်ဖွယ်ရာအကြမ်းဖက်နေမှုနဲ့ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့သလို  အကြမ်းဖက်နေမှုချက်ချင်းရပ်တန့်ဖို့၊ မတရားဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့နဲ့မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးဆောင်ရွက်ဖို့အမေရိကန်သမ္မတကြီးက  မြန်မာစစ်အာဏာရှင်ကိုတောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် အာဆီယံဘုံ သဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရေးနဲ့ပတ်သက်ပြီး တာဝန်ယူ၊ တာဝန်ခံမှုရှိစေရေး အာဆီယံရဲ့  ကြိုးပမ်းအားထုတ်မှုအတွက် အမေရိကန်ပြည်ထောင်စုက ထောက်ခံအားပေးတဲ့အကြောင်းလည်း သမ္မတကြီးကထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးအမေရိကန်သမ္မတကြီးက အာဆီယံ-အမေရိကန်  မိတ်ဖက်လက်တွဲဆောင်ရွက်မှု ပိုမိုအားကောင်းစေရေးအတွက် ထားရှိတဲ့အမေရိကန်ရဲ့ကတိကဝတ်နဲ့ အင်ဒို-ပစိဖိတ်ဒေသတွင်း အာဆီယံရဲ့ ဗဟိုအချက်အချာကျမှုကို ထပ်လောင်းအတည်ပြုခဲ့ပြီး အင်ဒိုပစိဖိတ်ဆိုင်ရာ အာဆီယံရဲ့ အမြင်ကိုလည်းချီးကျူးခဲ့ပါတယ်။

အမေရိကန်-အာဆီယံ နှစ်စဉ် ထိပ်သီးအစည်းအဝေးပွဲကို အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်၊သမ္မတ ဂျိုးဇက် အာ ဘိုင်ဒင် ဂျူနီယာ နဲ့အာဆီယံ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေ၊တက်ရောက်ခဲ့ပါတယ်။