ဖယ်ခုံသွားစစ်ယာဉ်တန်း တိုက်ခိုက်ခံရ၊၁၀ဦးထက်မနည်း သေ

၂၅၊ အောက်တိုဘာလ၊ ၂၀၂၁။

ကယားပြည်နယ်၊လွိုင်ကော်ကနေ ဖယ်ခုံဆီ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုယာဉ်တန်း တိုက်ခိုက်ခံရပြီး ၁၀ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ယမန်နေ့မနက်ပိုင်းက စစ်ကား၅စီးပါယာဉ်တန်းကို မိုးဗြဲPDF နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF BO-3)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုကို မခန့်မှန်းနိုင်ဘူးလို့ဆိုပါတယ်။

တိုက်ပွဲချိန် (၁၅) မိနစ်ကြာပြီး ပြည်သူ့ကာကွယ်ရေး တပ်သားအားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်သားတွေဟာ ပြည်သူနဲ့ ဝေးရာကို ဆုတ်ခွာခဲ့ပြီးနောက် နံနက် (၇) နာရီခွဲ လောက်မှာ မိုးဗြဲအခြေစိုက် ၄၂၂ တပ်ရင်းက မိုးဗြဲမြို့လူနေရပ်ကွက်တွေဆီ လက်နက်ကြီး (၁၀)လုံးထက်မနည်း ပစ်ခတ်ခဲ့ ရာ အရပ်သားပြည်သူအသက်၄၄နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန် ပါတယ်။

‘စစ်တပ်က သူတို့ထိပြီဟေ့ဆို ဘာမှမဆိုင်တဲ့ လူနေရပ်ကွက်တွေထဲ ပစ်တော့တာပဲ။ဘာဖြစ်လဲဆိုတော့ ပြည်သူ ကသူတို့ကို ပိုပြီးရွံလာ၊မုန်းလာကြတာပေါ့’လို့ လွိုင်ကော်မြို့နေပညာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။