လောပိတ ရေလျှံထိန်းလုံခြုံရေးရဲကင်းကို ကရင်နီပူးပေါင်းအဖွဲ့ ဝင်ရောက်စီးနင်

Photo- KNDF
ကယားပြည်နယ်(ကရင်နီ) လွိုင်ကော်မြို့နယ် လောပိတ ရေလျှံထိန်းလုံခြုံရေးရဲကင်းကို ကရင်နီတပ်မတော် KA နဲ့ KNDF တို့ အလစ်ငိုက်ဝင်ရောက်စီးနင်းခဲ့ရာမှာ စစ်အုပ်စုလက်အောက်ခံ လုံခြုံရေးရဲ ၇ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်တွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဧပြီလ ၂၉ ရက်နေ့ ညသန်းခေါင်ချိန်မှာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိသူတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ ဖမ်းဆီးထိန်းသိမ်းထားပြီး ကရင်နီပြည် ရဲဌာန KSP ကို လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ဧပြီလ နောက်ဆုံးအပတ်မှာ ဒီးမော့ဆိုမြို့နယ်အတွင်း နန်းမယ်ခုံကနေ ဒေါငံခါးနဲ့ ခေါက်ပလော့ကျေးရွာအတွက် နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးစားနေပေမယ့် ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ ခုခံတိုက်ခိုက်မှုကြောင့် အထိနာနေတာဖြစ်ပြီး ဖရူဆိုမြို့နယ် ထားလဲမှ ဘောလဲမြို့နယ် နန်းဖဲအထိ စစ်ကြောင်းတွေ ဆက်လက်ထိုးဖောက်နေတာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ကနေ ကရင်နီပြည်ဘက်ကိုလည်း ကားအစီး ၃၀ ပါ ယာဉ်တန်းနဲ့အတူ အင်အားတိုးချဲ့ဖို့ လာရောက်နေတယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဧပြီလ နောက်ဆုံးအပတ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေခဲ့ပြီး စစ်အုပ်စုက ၂၄ ဦးသေဆုံးကာ ဒဏ်ရာရရှိသူတွေ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။
ဒီးမော့ဆိုမြို့နယ် ဒေါခမီးကျေးရွာ တိုက်ပွဲအတွင်းမှာလည်း KNDF က တပ်ဖွဲ့ဝင် နှစ်ဦးလည်း ကျဆုံးခဲ့ရတယ်ဆို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။