ကယား (ကရင်နီ) ပြည်နယ်မှာ ယာဉ်စီးခ ဆယ်ဆကျော်အထိမြင့်တက်

Photo – Google

တစ်ပြည်လုံးနီးပါး တိုက်ပွဲတွေဖြစ်နေတဲ့ ကယား (ကရင်နီ) ပြည်နယ်မှာ ယာဉ်စီးခတွေ ဆယ်ဆကျော်လောက်အထိ မြင့်တက်နေပြီး သွားလာရေး ခက်ခဲနေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

အရင်တုန်းက လွိုင်ကော်မြို့နဲ့ ဖားဆောင်းမြို့ ယာဉ်စီးခ ခြောက်ထောင်ကျပ်သာ ရှိခဲ့ပေမယ့် လက်ရှိမှာ ခုနစ် သောင်းကျပ်အထိ မြင့်တက်လာတဲ့အပြင် ယာဉ်လိုင်းတွေအနေနဲ့ ပုံမှန်ပြေးဆွဲနိုင်ခြင်းလည်း မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

ကယား(ကရင်နီ)ပြည်နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကရော၊ စစ်ကောင်စီဘက်ကရော စစ်ဆေးရေးဂိတ်တွေထားရှိပြီး တင်းတင်း ကျပ်ကျပ်စစ်ဆေးမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။

“PDF ဂိတ်တွေမှာတော့ စကစ နဲ့ပတ်သတ်တာတွေဆို သိမ်းတယ်၊ ကျောင်းစာအုပ်တွေ အဖြူစိမ်းတွေဆိုရင်တောင် သိမ်းသွားတယ်၊ ဘော်လခဲက (စကစ) တပ်ဂိတ်ကတော့ တော်တော် စစ်တာဗျ၊ ဖုန်းတွေက အစပေ့ါ အစစ အရာရာ သတိလေးထားပြီး သွားလာမှအဆင်ပြေမှာ ဒီလမ်းတွေက ‘’လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်အာဏာသိမ်းအပြီး လအနည်းငယ်အကြာကတည်းက ကယား(ကရင်နီ)ပြည်နယ်တွင်း ဒေသအနှံ့မှာ ဒေသ ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေတိုက်ပွဲတွေ ဖြစ်နေတာပါ။ အဲ့ဒီတိုက်ပွဲတွေကြောင့် ဒေသတွင်း အဓိကလမ်းမကြီးဖြစ်တဲ့ ဒီမောဆို-ဖရူဆိုလမ်းကိုလည်း ပိတ်ထားရပါတယ်။

ဒါ့အပြင် စစ်ရေးလှုပ်ရှားမှုအခြေအနေတွေအရ ဒေသတွင်းက လမ်းပိုင်းတွေကို အသုံးမပြုဖို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက မကြာခဏ သတိပေးထုတ်ပြန်လေ့ရှိပါတယ်။

လတ်တလောမှာလည်း ဒီမောဆိုမြို့အနီး တဝိုက်မှာ အကြမ်းဖက်စစ်တပ်က စစ်ရေးလှုပ်ရှားမှတွေရှိနေလို့ ပြည်သူတွေအနေနဲ့ မြို့အနီးတဝိုက်လမ်းတွေကိုအသုံးမပြုဖို့နဲ့ ကျေးရွာတွေထဲ ဝင်ထွက်သွားလာတာ မလုပ်ဖို့ ကရင်အမျိုးသားများ ကာကွယ်ရေးတပ်(KNDF)တပ်ခွဲ (၁၀)က ထုတ်ပြန်အသိပေးထားပါတယ်။