အာဆီယံအစည်းအဝေးတက်ဖို့ ဖိတ်ကြားခြင်းခံရ၊ မခံရ ဒေါက်တာစင်သီယာမောင် မသိသေး

၂၅၊ အောက်တိုဘာလ၊ ၂၀၂၁။

အာဆီယံအစည်းအဝေးတက်ရောက်ဖို့ ဒေါက်တာစင်သီယာမောင်ကို ဖိတ်ကြားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပေမဲ့ သူမအနေနဲ့ ဘာမှ မသိရှိရသေးဘူးလို့ ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။

“ကျမ ဘာမှမသိရဘူးနော်၊ အဲ့လိုတော့ လာမေးကြတာပဲ”လို့ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မယ်တော်ဆေးခန်းရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါက်တာစင်သီယာမောင်က KICသတင်းဌာနကို ဒီကနေ့ နေ့လည်ပိုင်းက ဖြေကြားထားပါတယ်။

မနက်ဖြန် အောက်တိုဘာလ ၂၆ရက်နေ့မှာ စတင်ကျင်းပမဲ့ အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံက အစည်းအဝေးတက်ရောက်ခွင့် ငြင်းပယ်ထားပြီး နိုင်ငံရေးနဲ့မဆိုင်တဲ့ အရပ်သားကိုယ်စားလှယ်ကိုသာ ဖိတ်ကြားမယ်လို့ အောက်တိုဘာလ ၁၅ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံ အရေးပေါ်နိုင်ငံခြားရေးရာ ဝန်ကြီးတွေအစည်းအဝေးက ဆုံးဖြတ်ထားခဲ့ပါတယ်။

AP သတင်းဌာနရဲ့ သတင်းတစ်ပုဒ်မှာတော့ အာဆီယံအစည်းအဝေး တက်ရောက်ဖို့အတွက် အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌနရဲ့ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို ဖိတ်ကြားထားတယ်လို့ ဖော်ပြထားပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးကိုအောက်တိုဘာ ၂၆ရက်နေ့ကနေ ၂၈ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ဒီကနေ့ နေ့လည်ပိုင်းအထိ မြန်မာနိုင်ငံအတွက် အရပ်သားကိုယ်စားလှယ်အဖြစ် ဘယ်သူ့ကို ဖိတ်ကြားမယ်ဆိုတာကို အာဆီယံက သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

Source- KIC