မန္တလေး ကျောက်ဝိုင်းအနီး ဗုံးပေါက်

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုက ဖိအားပေး ပြန်လည်ဖွင့်လှစ်ထားတဲ့ မဟာအောင်မြေမြို့နယ် ကျောက်မျက်ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) အနောက်ဘက်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ အောက်တိုဘာလ ၁၉ရက်နေ့ မနက် ၁၀နာရီခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်မှုရှိမရှိကိုတော့ မသိရသေးပါဘူး။

“ကျောက်ဝိုင်းနားမှာပေါက်တာ စစ်တပ်ကရောက်လာပြီး အထဲကလူတွေ အပြင်ကို ပေးမထွက်ဘူး စစ်ဆေးနေတယ်၊ ကျောက်ဝိုင်းကို အတင်းပြန်ဖွင့်ခိုင်းလို့သာ ဖွင့်နေကြတာ တကယ်ကျ အထဲမှာ ရောင်းဝယ်သူက နည်းနည်းပဲရှိတယ် ဘယ်သူမှ အရောင်းအဝယ်မလုပ်ကြဘူး၊ ပေါက်ကွဲသံကတော့ တော်တော်ကျယ်တာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အခွန်ရရှိရေးအတွက် ကျောက်ဝိုင်းကို ဖိအားပေး ပြန်လည်ဖွင့်လှစ်စေခဲ့ပေမဲ့ ဝင်ရောက် ရောင်းဝယ်သူမရှိသလောက်နည်းပါးနေတဲ့အချိန်မှာ အခုလို ပေါက်ကွဲခဲ့တာပါ။

မန္တလေး GZP ပြောက်ကျားတပ်ဖွဲ့ကလည်း ကျောက်ဝိုင်းအတွင်း ဝင်ရောက်လုပ်ကိုင်နေသူတွေရဲ့ အသက်ကို အာမမခံဘူးလို့ အောက်တိုဘာလ ၁၂ရက်နေ့မှာ သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

အခုပေါက်ကွဲမှုနဲ့ ပက်သက်ပြီးတော့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာတော့ သီးခြားထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။