ချင်းနဲ့စစ်ကိုင်းကို စစ်အုပ်စု ထိုးစစ်ဆင်နေမှု ဗြိတိန်သံရုံး အနီးကပ်စောင့်ကြည့်နေ

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့မှာ မြန်မာစစ်တပ်က စစ်အင်အားဆက်လက်တိုးမြှင့်နေခြင်းနဲ့ တိုက်ပွဲသတင်းတွေကို ယူကေအစိုးရက အနီးကပ်စောင့်ကြည့်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာဗြိတိန် သံရုံးက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

ကြီးမားတဲ့ ထိုးစစ်ဆင်မှုဟာ လူမှုအသိုက်အ၀န်းနဲ့သူတို့ရဲ့ သက်မွေး၀မ်းကျောင်းလုပ်ငန်းတွေ၊ပိုင်ဆိုင်မှုနဲ့ ဘာသာရေး၀တ်ပြုရာနေရာတွေကို ထိခိုက်စေနိုင်တဲ့အတွက် စိုးရိမ်မကင်းဖြစ်မိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဲဒီဒေသတွေက ဘာသာရေး လူနည်းစုတွေ ရဲ့ ထိခိုက်လွယ်မှုကို အသိအမှတ်ပြုတယ် လို့လည်းဖော်ပြထားပါတယ်။

ထိုးစစ်ဆင်ရာမှာ ကျူးလွန်မှုတွေကို မှတ်တမ်းတင်ထားနိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနဲ့အတူ အနီးကပ် ဆက်လက်လုပ်ကိုင်သွားမယ်လို့လည်း ဆိုပါတယ်။

ကြိမ်ဖန်များစွာ ကြီးမားတဲ့ တိုက်ခိုက်နေမှုတွေဟာ စစ်တပ်က မြန်မာပြည်သူအပေါ် အလေးထားမှုမရှိတာကို ပြသနေတဲ့အကြောင်းနဲ့စစ်တပ်အနေနဲ့ အကြမ်းဖက်မှုကိုချက်ချင်းရပ်တန့်ပြီး နိုင်ငံတကာဥပဒေကိုလေးစားလိုက်နာရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အောက်တိုဘာ ၁၃ရက်နဲ့ ၁၄ ရက်နေ့တို့မှာ ချင်းပြည်နယ်၊ဖလမ်းမြို့နယ်၊ ရီလ်သီးကျေးရွာ၊အဲဒီရွာကဘုရားကျောင်း နဲ့ တလန်ရောန်ကျေးရွာက လူနေအိမ် ၁၂ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး သူဖေကျေးရွာသား ၂ ဦးကိုလည်း ပစ်သတ်ခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။