အသင်းကနေ ထွက်ခွာချင်ပြီလို့ မန်စီးတီးတောင်ပံကစားသမား စတာလင်ထုတ်ပြော

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။

မန်စီးတီးအသင်းနဲ့ အင်္ဂလန် တောင်ပံကစားသမား စတာလင်ဟာ အသင်းကနေထွက်ခွာချင်နေပြီး စိန်ခေါ်မှုအသစ်တွေကို အလိုရှိနေပြီလို့ ထုတ်ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်အတွက် အဓိက နေရာကနေ ပါဝင် ကစားခဲ့တဲ့ စတာလင်ဟာ အခုနှစ် ပရီးမီးယားရာသီမှာတော့ ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရပြီး လိဂ်ပွဲစဉ်အတွက် ၂ ပွဲသာ ကစားခွင့် ရထားတာပါ။

စတာလင်က “ဘောလုံးက ကျွန်တော်အတွက် အရေးကြီးဆုံးအရာပါ။ ပြည်ပထွက်ပြီး ကစားချင်စိတ်ဟာ ငယ်ငယ်က အိပ်မက်မှာလည်း ပါပါတယ်”လို့ ပြောပါတယ်။ 

ဒါအပြင် သူက “စိတ်ပျော်ရွှင်ဖို့က  ဘောလုံးအမြဲကစားနေရတာနဲ့ ဂိုးတွေသွင်းနေတာက အခြေခံပါတယ်”လို့လည်း  သူက ဆက်ပြောပါတယ်။ 

လက်ရှိမှာ စတာလင်ကို စပိန်ကလပ် ဘာစီလိုနာအသင်းကလည်း စိတ်ဝင်စားနေပါတယ်။ 

မန်စီးတီးနည်းပြ ဂွါဒီယိုလာက “ပြီးခဲ့တဲ့ နှစ်တွေက အောင်မြင်မှုတွေဟာ စတာလင်မပါဘဲ မဖြစ်နိုင်ပါဘူး။ အခုထိလည်း သူက အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် ရှိနေတယ်”လို့ စတာလင်နဲ့ ပတ်သက်လို့ ပြောကြားခဲ့ပါတယ်။ 

စတာလင်ဟာ မန်စီးတီးအသင်းကို ၂၀၁၅ ခုနှစ်က လီဗာပူးလ်အသင်းကနေ ပေါင် ၄၉ သန်းနဲ့ ရောက်ရှိခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ အသင်းနဲ့ စာချုပ်သက်တမ်းက ၂ နှစ်ပဲ ကျန်ရှိတော့တာပါ။

သတင်းတွေကတော့ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၃၀၂ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၁၁၅ ဂိုး သွင်းယူပေးထားတဲ့ စတာလင်အနေနဲ့  မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းထပ်တိုးဖို့  ရှိမနေဘူးလို့ ရေးသားဖော်ပြပါတယ်။