အမျိုးသမီးနဲ့မိန်းကလေးငယ်အနည်းဆုံး ၈၅ဦးကို အကြမ်းဖက်စစ်တပ်သတ်ဖြတ်ခဲ့တယ်လို့ ဗြိတိန်သံရုံးထုတ်ပြန်

၂၅၊ နိုဝင်ဘာလ၊ ၂၀၂၁။

စစ်အာဏာသိမ်းပြီးချိန်ကစလို့ အမျိုးသမီးနဲ့မိန်းကလေးငယ် အနည်းဆုံး ၈၅ဦးကို အကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်ခဲ့တယ်လို့ ဗြိတိန်သံရုံးရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ အမျိုးသမီးတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မပြုကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကျူးလွန်ခဲ့ကြောင်း အစီရင်ခံစာ အများအပြား ရှိခဲ့ပြီး အဲဒီလိုကိစ္စရပ်တွေကျူးလွန်သူတွေကို အရေးယူသွားနိုင်ဖို့ ယူကေအစိုးရက နိုင်ငံတကာမိတ်ဖက်တွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ယူကေအစိုးရဟာပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကျူးလွန်ခြင်းကို ဓာတုလက်နက်တွေအသုံးပြုသလို တားမြစ်လုပ်ရပ် ‘မျဉ်းနီ’ အဖြစ် သတ်မှတ်ရှုတ်ချပြီး အဲဒီလို ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေ အပြီးအပြတ် အဆုံးသတ်ဖို့ ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်ချက်မှာ ဦးဆောင်ဦးရွက်ပြုနေတယ်လို့လည်းထုတ်ပြန်ထားပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြရင်း ပထမဦးဆုံးကျဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်အပါအဝင် အသက်ဆုံးရှုံးခဲ့တဲ့ အမျိုးသမီးတွေအားလုံးကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့မှာ ဗြိတိန်သံရုံး(ရန်ကုန်)က ဂုဏ်ပြုကြောင်းလည်းဖော်ပြပါတယ်။

Delta News Agency

Read Previous

ထောင်နန်းထပ်စံ ရဖို့ ရှိနေတဲ့ ဘရာဇီးဂန္ထဝင်တိုက်စစ်မှူး ရော်နယ်ဒင်ဟို

Read Next

ခရမ်းမြို့နယ်က ရွာ၇ရွာကို မီတာမဆောင်လို့ စစ်အုပ်စုမီးဖြတ်