ယင်းမာပင်နဲ့ပုလဲမှာ စစ်ကားတွေ မိုင်းထိ

၁၁၊ အောက်တိုဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း၊ယင်းမာပင်နဲ့ပုလဲမြို့နယ်တို့မှာ ဒီနေ့မနက်ပိုင်းက စစ်ကားတွေမိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့  သိရပါတယ်။

ဒီနေ့မနက်ပိုင်း ၈နာရီ၁၅မိနစ်လောက်မှာ မုံရွာနဲ့ပုလဲကြား ယင်းမာပင်မြို့နယ်အတွင်း မိုင်တိုင်၁၄-၁၅ကြားမှာ ပုလဲမြို့ကနေထွက်လာတဲ့ စစ်ကားကြီး၃စီးနဲ့ စစ်သားတွေတင်လာတဲ့ အရပ်ကားလေး၂စီးတို့ဟာ အတွဲလိုက် ပေါက်ကွဲတဲ့ ပဒေသာမိုင်းထိမှန်ခဲ့တယ်လို့ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုပေကပြောပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကို ဆားလင်းကြီးနဲ့ယင်းမာပင် က ဒေသခံပြောက်ကျားတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ကြ တယ်လို့သိရပါတယ်။

‘မုံရွာ-ပုလဲ-ဂန့်ဂေါလမ်းပေါ်က ကောင်းဆင့်နဲ့ တည်ပင်ကန်ရွာကြားမှာဖြစ်တာ။ပဒေသာမိုင်းဆိုတော့ စစ်ကား တွေအတွဲလိုက် ထိတာ။အသေအပျောက်စာရင်းကိုတော့ အတည်မပြုနိုင်သေးဘူး’လို့ သူကပြောပါတယ်။

ဒီနေ့မနက်၈နာရီလောက်ကလည်း ဂန့်ဂေါကဆင်းလာတဲ့ စစ်ကား၅စီးဟာ ပုလဲမြို့နယ်၊ကြက်ရင်းရွာအရှေ့ဘက် က မိုင်တိုင်၅၂နားမှာ မိုင်းဆွဲတိုက်ခိုက်ခံရပါတယ်။

‘ကြက်ရင်းရွာဆိုတာက ပုလဲမြို့နယ်ထဲက တောင်ပေါ်ဒေသပေါ့။ကျွန်တော်တို့ပြောက်ကျားတွေက မိုင်းဆွဲပြီး တာနဲ့ ချက်ချင်း ရှောင်ရတာဆိုတော့ ဘယ်လောက်သေသလဲဆိုတာ ချက်ချင်းမပြောနိုင်ဘူး’လို့ ကိုပေက ဆက် ပြောပါတယ်။

ကြက်ရင်းရွာမိုင်းဆွဲတိုက်ခိုက်မှုကို ဒေသခံပြောက်ကျားတပ်ဖွဲ့တွေက လုပ်ဆောင်တာပါ။

ပုံအဟောင်းကိုအသုံးပြုထားပါတယ်။

 

 

Delta News Agency

Read Previous

သုံးခွမြို့ပေါ်အုပ်ချုပ်ရေး ရာခိုင်နှုန်း၉၀ကျော်ရပ်ဆိုင်းပြီ

Read Next

တရုတ်နိုင်ငံမြောက်ပိုင်းမှာ ရေလွှမ်းမိုးမှုဖြစ်နေလို့ ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းတွေ ရပ်ဆိုင်း