တရုတ်နိုင်ငံမြောက်ပိုင်းမှာ ရေလွှမ်းမိုးမှုဖြစ်နေလို့ ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းတွေ ရပ်ဆိုင်း

၁၁၊ အောက်တိုဘာလ၊ ၂၀၂၁။

တရုတ်နိုင်ငံ မြောက်ပိုင်း၊ ရှန်စီပြည်နယ်မှာ ရေလွှမ်းမိုးမှု အကြီးအကျယ်ဖြစ်နေလို့ ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ရပြီလို့ ပြည်နယ်အစိုးရက မနေ့က ပြောလိုက်ပါတယ်။

ရှန်စီပြည်နယ်ဟာ ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်းတွေ အဓိက လုပ်ကိုင်တဲ့ပြည်နယ်တစ်ခုဖြစ်ပြီး ဆယ်စုနှစ်အတွင်းမှာ ကြီးမားတဲ့ သဘာဝဘေးအန္တရာယ် ကျရောက်မှုနဲ့ ရင်ဆိုင်နေရတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ပုံမှန်မှန်ရွာသွန်းနေကျထက် ငါးဆလောက်ပိုများခဲ့တာဖြစ်တယ်လို့ အစီရင်ခံစာတစ်ခုက ဖော်ပြပါတယ်။

မိုးများ ရေကြီးမှုကြောင့် ရှန်စီပြည်နယ်မှာ အနည်းဆုံး လူငါးဦး သေဆုံးပြီး လူတစ်သိန်းကျော်လောက် အိုးမဲ့အိမ်မဲ့တွေ ဖြစ်နေရပါပြီ။

ပြည်နယ်မှာရှိတဲ့ ကျောက်မီးသွေးတွင်း ၆၀ ကို ပိတ်လိုက်ရသလို ကျောက်မီးသွေးစက်ရုံမဟုတ်တဲ့ စက်ရုံ ၃၇၂ ရုံနဲ့ အန္တရာယ်ရှိနိုင်တဲ့ ဓာတုစက်ရုံပေါင်း ၁၄ ရုံကို ပိတ်သိမ်းလိုက်ရပြီဖြစ်ပါတယ်။

ရှန်စီ ပြည်နယ်ဟာ ကျောက်မီးသွေးအဓိကထုတ်လုပ်နေတဲ့ ပြည်နယ်တစ်ခုဖြစ်တာကြောင့် လောင်စာနဲ့ လျှပ်စစ်ထုတ်လုပ်မှုတွေ ထိခိုက်လာမှာကို ပြည်နယ်အစိုးရက စိုးရိမ်မှုတွေ ရှိနေခဲ့ပါတယ်။

ရှန်စီပြည်နယ်အစိုးရကတော့ သဘာဝဘေးကယ်ဆယ်ရေးအတွက်ယွမ်သန်း ၂၀ (ဒေါ်လာ ၃.၁ သန်း) လျာထားပြီး သဘာဝဘေးဒဏ်ခံနေရသူတွေကို ထောက်ပံ့ဖို့ တဲတွေ၊ စောင်တွေနဲ့ အခင်းအထည်တွေကို ဖြန့်ဝေနေပါတယ်။