နေပြည်တော်မှာ လဝက ဝန်ထမ်းဖယ်ရီကား ဗုံးပေါက်

၅၊ အောက်တိုဘာလ၊ ၂၀၂၁။

နေပြည်တော်မှာ Non CDMတွေကို သတိပေးတဲ့အနေနဲ့ စစ်အုပ်စုရဲ့ လဝကဝန်ထမ်းတွေအတွက် ကြိုပို့ယာဉ်တစ်စင်းကို နေပြည်တော် PDFက ဗုံးတစ်လုံးသတိပေးဖောက်ခွဲခဲ့ပါတယ်။

အောက်တိုဘာလ ၅ရက်နေ့ နေ့လည်ပိုင်းက ရပ်တန့်ထားတဲ့ လဝကဝန်ထမ်း ဖယ်ရီကားတစ်စင်းကို အသံဗုံးအပျော့စားနဲ့ ဖောက်ခွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်ရဲ့ ရှေ့ဘီးအနီး ဆေးသားအနည်းငယ်ထိခိုက်ဒဏ်ရာ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

“အဓိက စစ်ကောင်စီရဲ့ထောက်တိုင် Non CDM တွေကို သတိပေးတဲ့အနေနဲ့တိုက်ခိုက်မှုလုပ်ခဲ့တာပါ။အရပ်သားဝန်ထမ်းနယ်ပယ်ဖြစ်တာကြောင့် လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ လူကိုထိခိုက်အောင်မလုပ်ထားပဲ သတိပေးယုံ တိုက်ခိုက်ခဲ့တာပါ”လို့ နေပြည်တော် PDFက ဗိုလ်ငွေစိုးက မီဒီယာတွေကို ပြောကြားထားပါတယ်။

နေပြည်တော်မှာ စစ်ရေးအရှိန်မြှင့်မယ်လို့ နေပြည်တော် PDFက ကြေညာထားခဲ့ပြီး စစ်အုပ်စုရဲ့ အဓိကထောက်တိုင်တွေနဲ့ စစ်အုပ်စုဝင်စခန်းချတဲ့နေရာတွေကိုသာ အဓိကထား တိုက်ခိုက်နေခဲ့ပြီး Non CDM ဝန်ထမ်းတွေ အနေနဲ့ စစ်အုပ်စုရဲ့ လက်အောက်မှာ ဆက်လက်မလုပ်ဆောင်ဖို့ အခုလို သတိပေးခဲ့တာပဲဖြစ်ပါတယ်။