ဟင်္သာတမြို့ ဗုံးပေါက်ကွဲပြီးနောက် အမျိုးသမီးတစ်ဦးကို အကြောင်းမဲ့ဖမ်းဆီး

၅၊ အောက်တိုဘာလ၊ ၂၀၂၁။

ဟင်္သာတမြို့မှာ အောက်တိုဘာလ ၄ရက်နေ့ ညပိုင်းက ဗုံးသုံးလုံးပေါက်ကွဲပြီးနောက်   အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီးတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

မြို့နယ်ထွေအုပ်ရုံးရှေ့မှာ ဗုံးသုံးလုံးဆင့်ပေါက်ခဲ့တာနဲ့ ပက်သက်ပြီး စစ်အုပ်စုက အောက်တိုဘာလ ၅ရက်နေ့မှာ မြို့ပေါ်မှာ အိမ်ငှားနေသူတွေရဲ့ စာရင်းတွေကို စစ်ဆေးခဲ့ရာ အင်္ဂပူမြို့ကနေ ဟင်္သာတမြို့မှာ လာရောက်အိမ်ငှားနေတဲ့ မအေးသက်ပိုင်ဆိုသူကို PDFတွေနဲ့ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

မအေးသက်ပိုင်ကို ဟင်္သာတမြို့မရဲစခန်းကနေ စစ်ကြောရေးကို ပို့ဆောင်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ဆက်သွယ်လို့ မရရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ထွေအုပ်ရုံးရှေ့ ဗုံးပေါက်ကွဲမှုဟာ မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစုနဲ့ ဟင်္သာတ STFတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစု တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပထမအကြိမ် အသံဗုံးတစ်လုံး ဖောက်ခွဲခဲ့ပြီး စစ်အုပ်စုက စစ်ဆေးဖို့ ရောက်ရှိလာချိန်မှာ နောက်ထပ်ဗုံးနှစ်လုံးကို ဖောက်ခွဲခဲ့တာကြောင့် စစ်အုပ်စုက သုံးဦးထက်မနည်း ထိခိုက်သွားတယ်လိုပ မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစုရဲ့ ပြောကြားချက်အရ သိရပါတယ်။

အိမ်ငှားနေတဲ့ အင်္ဂပူမြို့က မအေးသက်ပိုင်ကို PDF နဲ့အဆက်စပ်ရှိတယ်လို့ စွပ်စွဲဖမ်းဆီးပြီး စစ်ကြောရေးကိုပို့ဆောင်ခဲ့တာပါ။

အဲ့ဒီပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အကြမ်းဖက်စစ်အုပ်စုက လုံခြုံရေးပိုပြီး တိုးမြှင့်နေတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။