မင်းအောင်လှိုင် ရန်ကုန်ကို ဘာလာလုပ်မှာလဲ 

၅၊ အောက်တိုဘာလ၊ ၂၀၂၁။

ရန်ကုန်တိုင်း၊သီလဝါမှာ မနက်ဖြန်ပြုလုပ်မယ့် Coast Guard(ကမ်းခြေစောင့်တပ်ဖွဲ့ဖွင့်ပွဲနဲ့ စစ်ရေယာဥ်တွေ လွှဲပြောင်းပေးအပ်တပ်တော်ဝင်ခြင်းအခမ်းအနားကို မင်းအောင်လှိုင်တက်ရောက်မယ်လို့ တပ်တွင်း သတင်းအရင်းအမြစ်တွေကဆိုပါတယ်။

အဲဒီအခမ်းအနားကို ရေတပ်ဆိပ်ခံတံတား(သီလဝါ)အမှတ်(၃)မှာ ပြုလုပ်မှာဖြစ်ပြီး မင်းအောင်လှိုင်နဲ့အတူ ရေတပ်ဦးစီးချုပ်၊လေတပ်ဦးစီးချုပ်နဲ့ ရန်ကုန်တိုင်း၊တိုင်းမှူးကဲ့သို့ ထိပ်တန်းအရာရှိကြီးတွေပါလာမယ်လို့ သိရပါတယ်။

‘အခုချိန်မှာလူလျှော့ထားတယ်ဆိုရင်တော့(လုံခြုံရေးအရအခမ်းအနားတက်ဖို့လူလျှော့ထားတာကိုဆိုလို) ကျွန် တော်ပြောနိုင်တာက သူလာရင် ရေချုပ်ပါမယ်၊လေချုပ်ပါမယ်’လို့ Delta News Agency ရဲ့ တပ်တွင်းသတင်းရင်း မြစ်ကဆိုပါတယ်။

အခုအခါ ရန်ကုန်တိုင်းထဲမှာ ပြည်သူ့ပြောက်ကျားတပ်တွေ အခိုင်အမာတည်ရှိနေပြီး နေ့စဥ် စစ်အုပ်စုနဲ့ပတ် သက်တဲ့နေရာတွေကို ပစ်မှားထားတိုက်ခိုက်နေတာကြောင့် မင်းအောင်လှိုင်ရဲ့ ရန်ကုန်ခရီးစဥ်လုံခြုံရေးကို အထူး သတိထားနေပုံရပါတယ်။

ဒါ့အပြင် စစ်တပ်မှာ အထွတ်အထိပ်အာဏာကိုသိမ်းပိုက်ထားတဲ့ မင်းအောင်လှိုင်ရဲ့ခရီးစဥ်ကို ထိပ်တန်းလျှို့ဝှက် အဆင့်ထားပြီး ထိပ်တန်းအရာရှိတချို့သာသိပေမဲ့ ကြိုတင်သတင်းပေါက်ကြား တဲ့အပေါ် သူတို့ချင်းကြား အပြန်အလှန်သံသယပွားနေကြတယ်လို့ တပ်တွင်း သတင်းရင်းမြစ်က ဆိုပါတယ်။

အင်းစိန်မှာနေထိုင်တဲ့ စစ်တပ်အငြိမ်းစားအရာရှိကြီးတစ်ဦးက ‘ရေတပ်တို့လေတပ်တို့ဆိုတာ အစဥ်အလာအရကို ပြည်သူနဲ့ပိုနီးစပ်မှုရှိကြတယ်။ ပြီးတော့ ရေတပ်တို့လေတပ်တို့ဆိုတာ တပ်သား အဆင့်တောင် အတန်းပညာ အထိုက်အလျောက်ရှိကြတော့ ကြည်းတပ်နဲ့မတူဘဲ အမြင်ကျယ်ကြတယ်။အခုကြည်းတပ်ထဲမှာတောင် မင်း အောင်လှိုင်ကိုလက်မခံတဲ့သူ အများကြီးဆိုတော့ ဒီလိုသတင်းတွေပေါက်ကြားတာမထူးဆန်းဘူး’လို့ ဆိုပါတယ်။

မင်းအောင်လှိုင်အနေနဲ့ သီလဝါအခမ်းအနားကို တက်ဖို့ ကုန်းလမ်း၊ရေလမ်းနဲ့လေကြောင်းလမ်းဆိုပြီး လမ်းကြောင်းသုံးသွယ်စီစဥ်ထားတယ်လို့သိရပါတယ်။

ကုန်းလမ်းအနေနဲ့ သန်လျင်၊ကျိုက်ခေါက်ဘုရားလမ်း(သို့)ရေနံဗိုလ်ချုပ်ရွာ မြို့ပတ်လမ်းကို အသုံးပြုဖွယ် ရှိပြီး လေ‌ေကြာင်းအနေနဲ့ ဟယ်လီကော်ပတာနဲ့သွားဖို့ ရေတပ်ထဲမှာ ဟယ်လီကော်ပတာကွင်းလုပ်နေတယ်လို့ သိရ ပါတယ်။

ဒါ့အပြင်ရေကြောင်းလမ်းအနေနဲ့ ဗိုလ်တထောင်၊သန်လျက်စွန်းကနေ သီလဝါကို အစ္စရးနိုင်ငံလုပ် အမြန်ရေယာဥ် နဲ့ သွားရောက်ဖို့စီမံနေပါတယ်။အရင်တပ်တော်ဝင်အခမ်းအနားလုပ်ခဲ့စဥ်က သီလဝါသို့ ကားဖြင့်လာပြီး ဗိုလ်တ ထောင်သို့ သဘ်ောနဲ့ပြန်လေ့ရှိတယ်လို့သိရပါတယ်။

‘အခုတော့ကျွန်တော်ထင်တာကတော့ လေယာဥ်နဲ့များ လာမလားမသိဘူး။’လို့ တပ်တွင်း သတင်းရင်းမြစ်က ဆိုပါတယ်။

မင်းအောင်လှိုင်ရဲ့သီလဝါခရီးစဥ်ကို ခေါင်းခဲနေကြတာဟာ မြို့ပြပြောက်ကျားတွေရဲ့ စွမ်းဆောင်ရည်ကို ကြောက် ရွံ့ကြောင်းဖော်ပြချက်ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်တွေအနေနဲ့ CDM တပ်သား တိုးပွားလာမှာ ကိုအထူးစိုးရိမ်နေတဲ့အတွက် တပ်တွင်းတင်းကျပ်မှုမျိုးစုံနဲ့ ဖိအားပေးနေသလို CDM လုပ်ချင်ပေမဲ့ စစ်တပ်ထဲမိသားစုလိုက်ပိတ်မိနေလို့ မိသားစုမျက်နှာကိုထောက်ထားပြီး CDMလုပ်ချင်ပေမဲ့ CDMမလုပ်နိုင်သူ များစွာရှိတယ်လို့သိရပါ တယ်။

‘စစ်တပ်ထဲမညီမျှမှုတွေပေါ့ဗျာ။ဂွင်တည့်ရင် အပွင့်အခက်ကြီးရင် ကြီးသလို ချမ်းသာကြပြီး အောက်ခြေမှာက တော့ အပွင့်အခက်ရှိတောင် ပိုင်ရာဆိုင်ရာမရှိရင် ရှေ့တန်းထွက်စစ်တိုက်ပြီး လစာလေးပဲစားရတယ်။အဲဒီလို ဆိုတော့ ဂွင်ဆရာကြီးတွေ ဆယ်သက်စားမကုန်အောင် ဂွင်တည့်ဖို့အောက်ခြေက စစ်တိုက်ပေးနေရသလို ဆိုတော့ CDM လုပ်ချင်သူအများကြီးဆိုတာ ကျွန်တော်လည်းသိတယ်။’လို့ အင်းစိန်နေ စစ်တပ်အငြိမ်းစားအရာရှိကြီးက ဆိုပါတယ်။